နိုင်ငံရေးသမား၊တော်လှန်ရေးသမားဟု ကိုယ့်ကိုယ်ကို ပညတ်ထားသူများ
အခန်း (၁)
ယနေ့ ပြည်ပတွင် အခြေချသော ဒီမိုကရေစီ အင်အားစုများ အကြားဝယ် ယုံကြည်လေးစား ထိုက်သော ခေါင်းဆောင်ကောင်း မရှိ ဟု ဆိုလျှင် မှန်မည်လော မှားမည်လော- မှန်ပါသည် သွေးထွက်အောင်ပင် မှန်ပါသည်။ မှန်ကန်လွန်း၍ သွေးထွက်ရုံမက ကွဲအောင်ပင် မှန်ကန်ပါသည်။ အမှန်တရားကို ကျနော် ပြောခြင်းဖြစ် သည်။ ထိုသို့ ပြောရကောင်းလားဟု ဆရာ့ ဆရာကြီးများမှ ဆိုလျှင် ထိုဆရာကြီးများအား အသက်နှင့် သဘာကို လေးစားသော အားဖြင့် တောင်းပန်လိုက်ပါ၏။ ယနေ့ ပြည်ပရောက် ဒီမိုကရေစီ အင်အားစုများ လက်ကိုင် ထားသော လမ်းစဉ် သည် ပန်းတိုင်နဲ့ နီးမလာပဲ ပိုဝေး လာနေသည်။ ကာယကံ ရှင်များကိုယ်တိုင် အသိဆုံးဖြစ်ပေလိမ့်မည်။ ဤလမ်းစဉ်များ အတိုင်း ဆက်သွားလျှင် သင်တို့သည် လုပ်စားများ အမှန်ဖြစ်ပေလိမ့်မည်။ နိုင်ငံရေး လောက ဖောင်းပွလာနေခြင်းသည်
ငွေကြေး ဖောင်းပွသည်ထက် အခြေခံ ပြည်သူလူထုအတွက် ပိုပြီး ရင်လေးစရာဖြစ်ပြီး မျှော်လင့်ချက် ကင်းမဲ့နေသည်။ ယင်းသို့ ဖြစ်လာရခြင်း အကြောင်းကို နှစ်ပေါင်း ၂၀ ကျော် တော်လှန်ရေး ကာလကို ဖြတ်သန်းခဲ့သော ဆရာကြီးများ သဘာကြီးများ ကောင်းကောင်းကြီး သိနေကြပါမည်။ သို့သော် မသိယောင် ဆောင်နေကြပြီး မိမိ တို့ အားနည်ချက်ကို ၀န်မခံရဲကြပေ။ ဆရာကြီးများလိုသာ ဂိုက်ဖမ်းပြီး တော်ကီပေးရုံမှ အပ ဘာမှ မတတ်နိုင်။ တတ်နိုင်သည် က ကိုယ့်အချင်းချင်း အဝေမတည့် ၊ နေရာလုနေကြပြီး အကွဲ အပြဲ များဖြစ်အောင်သာဆောင်ရွက်နိုင်သည်။ သန်းရွှေ ကို အာဏာရူး ဟု အော်ကြပြီး ကိုယ့်ကို ကိုယ်ကား ပြန်မသုံးသပ်ကြပေ။ ညီညွှတ်ရေး အတွက်လဲ ဘာမှ မလုပ်နိုင် စည်းရုံးရေးလည်း ဘာမှ မရှိ ပဲ ရုံးတက် ဟိုခလုတ်ဖွင့် ဒီခလုတ်ပိတ်လုပ်ပြီး နအဖ လို စစ်ဘီလူးကို ပန်းဖြင့် ပေါက်ကာ ကြိမ်းမောင်းနေကြ၏။ ကိုယ်ရောက် နေသော နေရာ ၊ ကိုယ့်တာဝန်က ဘာလဲ ဘယ်ကနေစလုပ်ပြီး ဘယ်လိုပုံမျိုး ကျင့်ကြံ နေထိုင်ရမည်လဲ ၊ ရှေ့ရေးတွေးပြီး မျိုးဆက်သစ်များကို ဘယ်လို စည်းရုံး၊ နိုင်ငံရေး အတွေ့အကြုံ တခြားလိုအပ်သည်များကို ဘယ်လို ဆောင်ရွက်ထားသင့်လဲ ဆိုတာတွေထက် ဒီမိုကရေစီ လေး မရခင် ကိုယ့် အိတ်ထဲ ဘယ်လောက် ဘတ်လိုက်ရမလဲ စာရင်း ဘယ်လိုလိမ်ရမလဲ ဆိုတာတွေက များနေလျှင် သင်တို့သည် တော်လှန်ရေး၏ ကပ်ပါးကောင်းများသာ ဖြစ်ပေမည်။ တော်လှန်ရေးသမားမဟုတ် နိုင်ငံရေး သမားလဲ မဟုတ်။ ကြီးကြီးကျယ်ကျယ် ပြောနေခြင်းမဟုတ် ပါ။ စစ်ဘီလူး နအဖကို ချေမှုန်း နိုင်ဖို့ အတွက် ဆိုလျှင် မှန်ကန်သော ခေါင်းဆောင်မှုဖြင့် ပြည်သူတရပ်လုံး နိုးကြား ထကြွမှသာ အပြီးသတ်တိုက်ပွဲကို ဆင်နွဲနိုင်ပေမည်။ သို့မဟုတ် နအဖ စစ်တပ်ကို ယှဉ်ပြိုင်နိုင် သော တပ်ပေါင်းစု တခု စနစ်တကျတည်ရှိ ရပေမည်။ စစ်တပ်မရှိသော အစိုးရသည် နအဖ ကို မဆိုထားဘိ ကျားဆိုးလေး ရှိသော တောအုပ် တခု သို့မဟုတ် မုဆိုးမအိမ်ကိုပင် သိမ်းပိုက်ဖို့ရန်ပင် မလွယ်ပေ။ သို့သော်ယခုအချိန်ထိ အသက်ပေါင်းများစွာ ဘ၀ပေါင်းများစွာ ပေးဆပ်ခဲ့ရပြီး ဒုံးရင်းဒုံးရင်းဖြင့် ထိုနည်းလည်းကောင်းသာ ဖြစ်ခဲ့ရသည်။ တော်လှန်ရေးသည် သက်တမ်း အိုမင်း လာသောခါ လူကြီးရောဂါ အပြင် အခြားသဘာဝ ရောဂါများ၏ ဖိစီးမှုကို မခံနိုင်ပဲ လူမမာတယောက်လို ဖြစ်ခဲ့လေပြီ။ သို့သော် စိတ်ဓာတ်ခိုင်မာသော ၊ ကိုယ်ကျိုး မငဲ့ ကွက်သော သူများလည်း ရှိနေပါ သေး သည်။ ထိုသူတို့မှာ ယခုထိ မယိုင်လဲ ခိုင်မာသောဇွဲ ယုံကြည်မှုတို့ဖြင့် သဘာဝ (အတ္တဘာဝ)ရောဂါ စွဲကပ် နေသူများလို စောက်ကြီး စောက်ကျယ် အော်မနေပဲ ကိုယ်တတ်နိုင် သမျှ ကိုယ့် အိတ်မှ စိုက်ကာလည်းကောင်း ၊ အခြားနည်းလမ်း တခုခု ဖြင့် လည်းကောင်း ဆောင်ရွက်နေပေသည်။ ပြည်ပရောက် များတွင် အရိုးစွဲနေသောရောဂါမှာ အသင်းအဖွဲ့ တခုခု ကဖြစ်စေ တဦးတယောက်က ဖြစ်စေ ပြုလုပ်သော လူမှုရေး ၊ နိုင်ငံရေး ၊ဘာသာရေး စသည့် ပွဲများကို မင်းဘာလုပ်လုပ် ငါမထောက်ခံနိုင် ငါ သို့မဟုတ် ငါတို့ ကလွဲ ပြီး ဘယ်ကောင်မှ စေတနာမမှန် စသည်အားဖြင့် သွားပုပ်လေလွင့် တဖုံ၊ ပြောင်ပြောင်တင်းတင်း တမျိုး စောက်ရှက်မရှိ ပြုလုပ် ပြောဆို နေကြပေသည်။ နိုင်ငံရေးကို ကလေးကစားစရာ ဟုထင်မှတ်နေကြသည်လော။ ကျနော်တို့ ငယ်ငယ်က ဆော့ဖော်ဆော့ဘက် တယောက်နားကပ်ပြီး ဟေ့ သူနဲ့ မပေါင်းပဲ နေရအောင်ကွာ သူက ဘာဖြစ်တယ် ညာဖြစ်တယ် ပြောပြီး တနေ့ မကူးခင် ပြန်ပေါင်းကြပြန်လေသည်။ ဤကား ကလေးတို့ က စားခြင်းဖြစ်ပေသည်။ ယခုကား ပန်းတိုင်ပင် မရောက်သေး အချင်းချင်း ဘယ်ဗိုလ် မထား သူတလူငါတမင်း ခွဲလိုက် ဖြဲလိုက် ၊ ထိုးလိုက် ကြိတ်လိုက် ခွက်စောင်း ခုတ်လိုက် ဖြင့်တော်လှန်ရေးကြီးကို အသက်ရှည်ဆေး တိုက်ကျွေးနေကြလေသည်။ ရှက်တတ်မည်ဆိုက လမ်းလည်ခေါင်ထိုင်ပြီး ဟိုဟာ ဖြဲပြနေသည်ထက်ပင် ရှက်စရာ ကောင်းလှတော့သည်။ ဗမာပြည်သူ တရပ်လုံးကို လမ်းဘေးက ဗန်းထဲထည့်ထားပြီး ကြမ်းခင်းဈေးဖြင့် ရောင်းချနေကြလေပြီ။ လူ့အခွင့်ရေးကို လက်တလုံးခြား ချိုးဖောက်နေခြင်းဖြစ်သည်။
No comments:
Post a Comment