Thursday, October 15, 2009

မြန်မာနှင့် ဘင်္ဂလာ တပ်မှူးများ ဆွေးနွေးပွဲ သဘောတူညီမူ တစုံတရာ မရရှိဘဲ ပြီးဆုံး

မြန်မာနှင့် ဘင်္ဂလာ တပ်မှူးများ ဆွေးနွေးပွဲ သဘောတူညီမူ တစုံတရာ မရရှိဘဲ ပြီးဆုံး

10/14/2009

မြန်မာနယ်စပ်မြို့တောင်ပြိုတွင် ပြုလုပ်ခဲ့သော မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ တပ်မှူး အဆင့် ဆွေးနွေးပွဲမှာ သဘောတူညီမူ တစုံတရာ မရရှိဘဲ ပြီးဆုံးသွားခဲ့သည်ဟု ဒေသအတွင်းက မြန်မာ အစိုးရ အရာရှိ တဦးက ပြောသည်။

သူက “ ဆွေးနွေးတာက တနာရီကျော် ကြာပါတယ်။ တဘက်နဲ့ တဘက် စွပ်စွဲမူတွေ ဆွေးနွေးနေစဉ်အတွင်းမှာ ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ ဆွေးနွေးပွဲအတွင်း ဘာမှ သဘောတူညီချက် မရရှိခဲ့ဘူးလို့ သိရပါတယ်” ဟု ပြောသည်။

မြန်မာ-ဘင်္ဂလာ တပ်မှူးအဆင့် အလံတင် အစည်းအဝေးအား လွန်ခဲ့သော အင်္ဂါနေ့က မြန်မာနိုင်ငံဘက်ခြမ်း တောင်ပြိုမြို့ အမှတ် (၃) နစက နယ်မြေစခန်းတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

“အဓိက ဆွေးနွေးကြတဲ့ အကြောင်းအရာတွေထဲမှာ နယ်စပ်တလျောက် မြန်မာဘကက် ကာရံနေတဲ့ ခြံစည်းရိုးကိစ္စ၊ နယ်စပ်ဖြတ်ကျော်ပြီး လူတွေ တရားမ၀င် ခိုးဝင် ခိုးထွက်နေတဲ့ ကိစ္စနဲ့ နယ်စပ်တလျောက်မှာ မြန်မာဘက်က တပ်တွေတိုးချပြီး စစ်ရေး တည်ဆောက်မူတွေ ပြုလုပ်နေတဲ့ ကိစ္စရပ်တွေ ပါဝင်တယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။

ဆွေးနွေးပွဲသို့ မြန်မာဘက်မှ နစက နယ်မြေ (၃)မှူး ဗိုလ်မှူး ကြည်လိုင် ဦးဆောင်သော ကိုယ်စားလှယ် (၅) ဦးတက်ရောက်ခဲ့ပြီး ဘင်္ဂလာဒေခ်ျ့ဘက်မှ နတ်ကျောက်ဆရီ အခြေစိုက် အမှတ် ၄၇ ဘီဒီအာရ် တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ခေါ်လီလူ ရာဟမန် ဦးဆောင်သော ကိုယ်စားလှယ် (၄) ဦးတက်ရောက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ခြံစည်းရိုးကာရံနေခြင်းမှာ နိုင်ငံတကာမှ ချမှတ်ထားသော ဥပဒေအရ ကာရံနေခြင်း ဖြစ်ပြီး နယ်စပ် ဖြတ်ကျော်ပြီး ၀င်ထွက်သွားလာနေမူကို ရပ်တန့်လို၍ ခြံစည်းရိုး ကာရံနေခြင်း ဖြစ်ကြောင်း မြန်မာဘက်က ပြောဆိုသည်ဟု သိရသည်။

၎င်းပြင် နယ်စပ် တလျောက်တွင် မြန်မာဘက်မှ တပ်များ တိုးချပြီး စစ်ရေးအရ ပြင်ဆင်နေခြင်းမှာ မဟုတ်မှန်ကြောင်း မြန်မာဘက်က ငြင်းဆိုပြီး ဆွေးနွေးပွဲတွင် ရေပြင်ပိုင်နက် အငြင်းပွားမူကိစ္စကို ဆွေးနွေးခြင်း မရှိဟု သိရသည်။

အလံတင် ဆွေးနွေးပွဲအတွင်း မြန်မာဘက်မှ နတ်မြစ်အတွင်း များမကြာမှီက ဖမ်းဆီးထားသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၂) ဦးကို ဘင်္ဂလာဘက်သို့ လွဲပြောင်းပေးအပ်ရန် ကတိရှိသော်လည်း လွဲပြောင်းပေးအပ်ခြင်း မရှိကြောင်း ဘင်္ဂလာ အရာရှိများက ပြောသည်။

ဆွေးနွေးပွဲကို နေ့လည် ၁ နာရီတွင် စတင်ခဲ့ပြီး ညနေ ၃ နာရီတွင် ပြီးဆုံးခဲ့သည်။

ဘင်္ဂလာဒေခ်ျ့နှင့် မြန်မာနိင်ငံအကြားတွင် အဓိက မပြေလည်သော ကိစ္စရပ်များ ရှိနေပြီး ထိုအထဲတွင် ရေပြင်ပိုင်နက် အငြင်းပွားမူနှင့် မြန်မာနိုင်ငံမှ မူဆလင် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာတို့ မှာ အဓိက ထိပ်တန်းနေရာမှ ပါဝင်သည်။

အဆိုပါ ကိစ္စရပ်များမှာ နိုင်ငံတခုလုံးစီနှင့် သက်ဆိုင်သော အရေးကိစ္စဖြစ်နေသဖြင့် နယ်စပ် တပ်မှူးအဆင့်ဖြင့် ဆွေးနွေး၍ ပြေလည်နိုင်စရာ မရှိကြောင်း လေ့လာသူများက ပြောသည်။

Rest of your post

No comments:

Post a Comment