Friday, October 23, 2009

အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သွားမည်

အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့
ရန်ကုန်သွားမည်
NEJ / ၂၂ အောက်တိုဘာ ၂၀၀၉



အမေရိကန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တဖွဲ့ မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ်က ပြောကြားလိုက်သည်။

ယမန်နေ့၌ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီက ပြုလုပ်သည့် မြန်မာ့အရေး ကြားနာပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“လာမယ့် သီတင်းပတ်အနည်းငယ်အတွင်းမှာ အချက်အလက် စုဆောင်းရှာဖွေမယ့် အဖွဲ့တဖွဲ့အနေနဲ့ ကျနော်တို့ မြန်မာနိုင်ငံကို သွားဖို့ရည်ရွယ်ထားပါတယ်” ဟု ကာ့တ် ကမ်ဘဲလ်က ပြောသည်။

ထိုသို့ မြန်မာနိုင်ငံသွားရောက်မည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရခေါင်းဆောင်များအပါအ၀င် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ်တို့ကိုပါ တွေ့ဆုံနိုင်ရန် မျှော်လင့်ထားသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တွင် မည်သူပါဝင်မည်ကို မစ္စတာ ကမ်ဘဲလ်က အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း မစ္စတာကမ်ဘဲလ်ကိုယ်တိုင် မြန်မာနိုင်ငံသို့သွားရောက်မည်ဟု မျှော်လင့်ရကြောင်း၊ သို့သော် စစ်အစိုးရက အတိုက်အခံနှင့် တွေ့ခွင့်ပေး မပေးဆိုသည့်အပေါ်မူတည်ကြောင်း အမည်မဖော်လိုသည့် အမေရိကန် အဆင့်မြင့်အရာရှိတဦးက ပြောကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာအစိုးရနှင့် တိုက်ရိုက်တွေ့ဆုံမှုများသည် အရေးယူပိတ်ဆို့တားမြစ်မှုများကို အစားထိုးလိုက်ခြင်းထက် နောက်ထပ်ဖြည့်စွက်လိုက်ခြင်းသာ ဖြစ်သည်ဟုလည်း အောက်လွှတ်တော်ကြားနာပွဲတွင် မစ္စတာကမ်ဘဲလ်က ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။

မြန်မာစစ်အစိုးရနှင့် ဆက်ဆံမှုလုပ်ဆောင်ရာတွင် တဖြည်းဖြည်းချင်း အချိန်ယူသတိထားပြီး တဆင့်ပြီးတဆင့် လုပ်ဆောင်သွားရမည် ဆိုသည်ကို သိနားလည်ထားကြောင်းလည်း မစ္စတာကမ်ဘဲလ်က ပြောကြားခဲ့သည်။

၎င်းက “ကျနော်တို့ ကြိုးပမ်းအားထုတ်နေတဲ့ အဓိပ္ပာယ်ရှိတဲ့ တွေ့ဆုံဆွေးနွေးမှု အောင်မြင်တယ်ဆိုတာကို ဆက်ဆံမှုတွေ၊ ရလဒ်တွေကိုပဲကြည့်ပြီး အကဲဖြတ်မှာမဟုတ်ပါဘူး၊ ဆက်ဆံမှုတွေဟာ မြန်မာနိုင်ငံအတွက်သာဖြစ်ပြီး အမေရိကန်အစိုးရ ပေါ်လစီအတွက် မဟုတ်ပါဘူး” ဟုလည်း ပြောကြားခဲ့ကြောင်း သိရသည်။

တိုက်ရိုက်ဆက်ဆံမှု လုပ်ဆောင်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မိမိတို့ဖာသာ အထီးကျန်နေသည့်လူတစုဟု အများက ပြောဆိုနေကြသည့် စစ်အစိုးရအနေဖြင့် ပိုမိုနားလည်မှုရရှိစေရေးအတွက် ဖြစ်သည်ဟုလည် မစ္စတာကမ်ဘဲလ်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်စက်တင်ဘာလအတွင်း၌ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကမ်ဘဲလ်က အမေရိကန်အစိုးရ အနေဖြင့် မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည်ဟု မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပေါ်လစီသစ်တရပ်ကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်။

မစ္စတာကမ်ဘဲလ်သည် စက်တင်ဘာ (၂၉) ရက်တွင် နယူးယောက်မြို့၌ မြန်မာစစ်အစိုးရ သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းနှင့်တွေ့ဆုံခဲ့ပြီးနောက် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment