ကွန်ဖက်ရှင်အော့ဖ် သ ပေသီး (ချပ်ပတာ ဝမ်း)
ကျွန်ုပ်သည် ‘ပေသီး’ဟူသော အမည်သညာဖြင့် လူဖြစ်လာလင့်ကစား အကယ်တန္တုတွင်မူ ခပ်ပျော့ပျော့ လက်လွယ်လွယ် ဂျင်းလတဲမင်းဆိုသော ပုဂ္ဂိုလ်တဦးသာဖြစ်ပေ၏။
တနေ့သားတွင် ကျွန်ုပ် ကိုပေသီးသည် နိစ္စဓူဝ ပြုမူလေ့ရှိသည့်အတိုင်း မြို့လည် လက်ဖက်ရည်ဆိုင်သို့  ကျွန်ုပ်၏ ဘွားအေကို တဖက်သတ် မေတ္တာရှိခဲ့ဖူးသည့် မြို့အုပ်ဟောင်းကြီး မသေခင် သူ့မြေးမနှင့်ကျွန်ုပ် မောင်ပေသီး မေတ္တာမျှခဲ့ဖူးချိန်တွင် အမွေပေးခဲ့သော ဒုတိယကမ္ဘာစစ်လက်ကျန် စီးတော် ဘီအက်စ်အေကြီးကို ဟန်ပါပါခွလျက်
မီးခိုးလုံးများ တဘုန်းဘုန်း ထွက်လာအောင် ဟန်ရေးပြရင်း ကျွန်ုပ်တို့ဇာတိရပ်ရွာတွင် ကျွန်ုပ် ကိုပေသီးလောက် ပေါ်ပြူလာဖြစ်သူ လောကဓါတ်ပညာ တတ်သူ မရှိပါကလားဟု အမှန်ကိုအမှန်အတိုင်း ဆင်ခြင်မိသည့် စိတ်နေစိတ်ထားတခု အထင်အရှားဖြစ်ပေါ်လာပေတော့၏။
ဖုံတထောင်းထောင်း ကတ္တရာလမ်းအဟောင်းကြီးပေါ်တွင် မြင်းအိုကြီး ဆွဲသော မြင်းလှည်းနှင့်အပြိုင် ကျွန်ုပ်ထက် အသက်သုံးပြန်လောက်ကြီးသော ဘီအက်စ်အေ ဆိုင်ကယ်ကြီးထံမှ ဖုန်းဒိုင်းဖုန်းဒိုင်းအသံများက လမ်းအဟောင်းကြီးပေါ်တွင် အောင်ဘာလေ ထီသည်၏ လော်စပီကာသံကိုပင် လွှမ်းမတတ် ဆူညံသွားစေတော့၏။
မြို့လည် ဈေးပါတ်ဝန်းကျင်တွင် စိနတိုင်းမှာ လှိမ့်ဝင်လာသော ဆိုင်ကယ်စဉ်မမီသည့် ဆိုင်ကယ်များ၊ အယုဒ္ဒယတိုင်းမှ မြစ်ကူးလာသော ထမီဝတ်သည့် ဣထိယများနှင့် ပုဆိုးဝတ်သည့် ပုရိဿများ အခက်အခဲမရှိ ခွရန် အဆင်ပြေသည့် ဆိုင်ကယ်များသည်လည်း ပျားပန်းခတ်မျှ တဝှီးဝှီးဖြစ်တော့သကိုး။
ကျွန်ုပ်လည်း လက်ဘက်ရည်ဆိုင်ဘေး ကာကာကွမ်းယာဆိုင်တွင် စီးတော် ဘီအက်စ်အေ မော်တော်ဆိုင်ကယ်ကြီးကို ရပ်၍ သေသေချာချာ ဒေါက်ထောက်ကာ ကွမ်းယာသည် ကာကာကုလားကြီးထံမှ ဆေးပေါ့လိပ် ၂ လိပ်၊ ကွမ်းယာ ၄ ယာ ဝယ်ရုံမက ကွမ်းသီး တခြမ်း အလကားတောင်းယူလိုက်၏။
ယင်းသို့သကာလ မြို့လည် လက်ဘက်ရည်ဆိုင်နှင့်မလှမ်းမကမ်း ဘော်လီဘောကွင်းတွင်ကား မြို့နယ်ချန်ပီယံ ဘော်လီဘောလက်ရွေးစင်ဖြစ်ဖူးသော ကျွနိုပ်၏ ညီတော်မောင်သည် ခါးတောင်းကို ပြောင်အောင်ကျိုက်၍ တယောက်ချင်း ဘောလီဘော စိမ်ခေါ်ပွဲကို ဆင်နွှဲနေသည်မှာ နေမျိုးနွယ်တို့ နိပွန်ပြည်မှ ဆူမိုနပန်းသမားကြီးများကဲ့သို့ ဖြစ်ပေတော့၏။
ကျွန်ုသည် လမ်းထောင့်နှင့် အလွန်တရာ နီးကပ်သော စားပွဲတလုံးတွင် ရောက်နှင့်နေပြီးဖြစ်ကြကုန်သည့် ငယ်ပေါင်းကြီးဖော် သူငယ်ချင်းများရှိရာသို့  ဆေးပေါ့လိပ် ထိပ်ကို ကိုက်ဖွင့်ပြီး မီးညှိရင်း ခွေးခြေတလုံးဆွဲကာ ဝင်ထိုင်လိုက်၏။
အနှီသူငယ်ချင်းတို့သည်ကား လတ်တလော တိုင်းပြည်ရေးရာ ကိစ္စရပ်များကို အာဘောင်အာရင်းသန်သန် ဆွေးနွေးနေကြ၏။
ထိုအထဲတွင် အသံအကျယ်ဆုံးနှင့် အငြင်းအသန်ဆုံးသူကတော့ ၁၉၈၈ အရေးအခင်းပြီးလျှင်ပြီးချင်း စစ်အာဏာရှင်ကို လက်နက်ဆွဲကိုင် တော်လှန်မှဖြစ်မည်ဟု သံဓိဋ္ဌာန်ချလျက် အပေါင်းအသင်းအားလုံးကို နှုတ်ဆက်ကာ သူ့မိခင် ဆန်ကုန်သည်
အဘွားကြီးအား သူသေသည့်သတင်းကြားလျှင် သပိတ်မသွပ်ရန်၊ ကျွန်ုပ်တို့အားလည်း ရဲရင့်ပြောင်မြောက်စွာ စစ်အာဏာရှင်ကို ဆန့်ကျင်သင့်သည်ဖြစ်ကြောင်း တရားဟော၍ ထွက်ခွာသွားခဲ့သည့်သူ ဖြစ်၏။ ထို့နောက် မကြာမတင်ကာလတွင်ပင် လေယာဉ်ပျံကြီးစီးကာ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူ၏ ကြောင်နာ ကြွက်ကိုက်မျက်နှာပေးဖြင့်… “သားသား မှားပါတယ်၊ တပ်မတော်ရဲ့ သဘောထားအမှန်တွေ ခုမှသိပါပြီ”ဟု ပြောခဲ့သည့် ထုတ်လွှင့်မှုသည် တနိုင်ငံလုံးတွင် တခုထဲ ရှိဖူးသော တယ်လီဗွီးရှင်းအစီအစဉ်မှ သတင်းကဏ္ဍတခုတွင် ပါခဲ့ဖူးသလို ထိုကာလမှစ၍ သူ့ကိုယ်သူ နိုင်ငံခြားပြန်တယောက် ဖြစ်ကြောင်း ကြုံလျှင်ကြုံသလို ကြွားတတ်သည့်သူ ဖြစ်ပြန်ပေ၏။
တယ်လီဗွီးရှင်းမှ ပါဖူးသူဆို၍ တမြို့လုံးတွင် သူတယောက်တည်းဖြစ်ပြန်သည်ဖြစ်ရာ ထိုကိစ္စကိုလည်း ရံဖန်ရံခါ သူ့ကိုယ်သူ ဆယ်လီဘရစ်တီဆန်ဆန် ပုံဖော်၍ ကြွားတတ်ပြန်ပေ၏။ ကျွန်ုပ်မောင်ပေသီး အနေဖြင့်မူ မည်သည့်အကြောင်းအရာကိုမျှ ဝင်ရောက်ဆွေးနွေးခြင်းမပြုဘဲ ဘိုဆန်ဆန်ပင် ကျောက်ပန်းတောင်းတခွက်ကို မလိုင်များများ ထည့်ပေးရန် အသက်ဆယ့်နှစ်နှစ်အရွယ် စားပွဲထိုးကလေးအား မှာလိုက်၏။
သူငယ်ချင်းများက ၂၀၁၀ ရွေးကောက်ပွဲအကြောင်း၊ ၂၀၀၈ နာဂစ်မုန်တိုင်းကာလတွင် ဗြောင်ကျကျပင် ရပ်ကွက်မီးလောင်ချိန် ဘုရားဌာပနာတိုက် ဝင်ဖောက်မှုနှင့် ထပ်တူညီသော ဆန္ဒခံယူပွဲအကြောင်း၊ ဆက်လက်ဆွေးနွေးနေချိန်တွင်ကား ကျွန်ုပ်တို့တအုပ်လုံးထဲတွင် သိုးဆောင်းဘာသာစကားကို (ကျွန်ုပ် ကိုပေသီးမှလွဲလျှင်) ဂျွန်းပြန်အောင် တတ်သော ရိုမီယိုမောင်မောင်ဆိုသည့် သူငယ်ချင်းသည် သူ၏ ခန့်ညား ပြောင်လက်သော ကားကြီးပေါ်မှ ဆင်းလာတော့၏။
မောင်မောင့် နာမည်အား ရိုမီယိုမောင်မောင်ဟု သူ၏ဖခင်ဖြစ်သော ဗိုလ်မှူးဟောင်း ဦးလှမောင်က ကင်ပွန်းတပ်ခဲ့သည်မှာ ကမ္ဘာကျော်စာရေးဆရာကြီး ဝီလျန် ရှိတ်စပီးယား၏ ဝတ္တုကြီးမှ ကာလနာတိုက်သွားသော ရိုမီယိုနှင့် ဂျူးလိယက်ကို ကြိုက်လွန်းသဖြင့်လည်း ဖြစ်တန်ရာ၏။
သို့မူတကား အထက်တန်းကျောင်းသားဘဝတုန်းက မွန်ပြည်နယ်မှ ကျွန်ုပ်တို့မြို့အား ပြောင်းလာသော ဘူတာရုံပိုင်ကြီး၏သား၊ ဘုန်းကြီး နှစ်ခါထွက်ပြီးသကာလ ရသေ့ ဝတ်ပြီးနောက် အမဲအူသုတ်ရောင်းသော ကုလားမလေးနှင့် ခိုးပြေးကာ ယခုအခါ မြို့ကျက်သရေဆောင် ဗလီလူကြီးထဲမှ တဦးဖြစ်နေသော အီစမန် (ခေါ်) ကျော်သူရက ရိုမီယို ဆိုသည်နှင့် လူမမြင်ဖူးသေးဘဲ ရည်းစားစာ လိုက်ပေးရန် ကြိုးပမ်းခံခဲ့ရသည့်အထိ စွံခဲ့သော မောင်မောင်ဖြစ်ပေတော့၏။ အသို့ဖြစ်ရနည်းဆိုသော် အီစမန် ကျော်သူရက ဂျပန်မကလေးများဆိုလျှင် အသေရရ အရှင်ရရ ကြိုက်နှစ်သက်တော်မူသော စိတ်သဘာဝရှိပြီး ကျွန်ုပ်တို့ခေတ် ပိုစတာများတွင် ‘မိုမိုကို’ ဆိုသော အချောအလှပဂေး ဂျပန်မကလေး၏ ရုပ်ပုံကားချပ်များ အပြည့် သူ၏အိပ်ခန်းတွင် ရှိခဲ့ဖူးသူဆိုပေ၏။ သို့ဖြင့် ရိုမီယို ဆိုသည့်အမည်သညာအား အီစမန်ကျော်သူရအနေနှင့် ဂျပန်မကလေးများ၏ နာမည်နှင့် တူသယောင်ရှိတော်မူသည့်အပြင်၊ ယင်းကာလတွင် ဂျပန်နာမည်လိုလို တိုင်းရင်းသူ နာမည်လိုလိုနှင့် ရေးသားထုတ်ဝေနေသော အပျော်ဖတ် ဘုတ်အုပ်ဆရာမ သို့မဟုတ် ဆရာများကလည်း နာမည်ကြီးလှပေဆိုတော့ကာ ခပ်ဟော့ဟော့ ခပ်ပျံပျံ ကျောင်းသူကလေး တယောက်ဟု အထင်ရှိဟန်ဖြစ်ပုံရပေ၏။
အနှီ ရိုမီယိုမောင်မောင်သည် ကျွန်ုပ်အား မြင်လျှင် သူ၏ အနီရောင် လျှာထိုးဦးထုတ်အား ချွတ်ကာ… “ဟိုင်း ... ဝှပ်စအပ်ပ်”ဟု နှုတ်ဆက်လိုက်လေ၏။
၊အန်ထော်နီ ပေသီး၊
ကွန်ဖက်ရှင်အော့ဖ် သ ပေသီး (ချက်ပတာ-တူး)
ကျွနိုပ် ကိုပေသီးကလည်း အနောက်တိုင်းသားတို့ ယမကာ မှီဝဲစဉ် တဦးကိုတဦး အသိအမှတ်ပြု နှုတ်ဆက်သလို ပုံဟန်မျိုးဖြင့် ချိုရဲ ပျစ်နှစ်နေသော လက်ဖက်ရည်ခွက်ကို မြှောက်ကာ “ဟိုင်း ယူ ..လောင်းတိုင်း နိုးစီး”ဟု ခွပ်လက်ချပြီးကာစ တိုက်ကြက်ဖ ကဲ့သို့ ရင်ဘတ်ကို မောက်၍ အားကျမခံပြန်၍ နှုတ်ဆက်လိုက်၏။ ထို့နောက်တွင်ကား ရိုမီယိုမောင်မောင်က ခွေးခြေပုကလေးတလုံးကို ဆွဲယူပြီးသကာလ ကျွန်ုပ်တို့အပေါင်းအဖော်များထဲ၌ နှံ့နှံ့စပ်စပ်လည်းရှိ၊ စကားပြောလည်းကောင်း၊ အလုပ်မယ်မယ်ရရ မရှိသော်လည်း သူ့ဟာနှင့်သူ အဆင်ပြေ စိုပြေနေသည့် နောက်တိုး၏ ဘေးတွင် ထိုင်လိုက်၏။
အနှီ နောက်တိုးသည်ကား နှယ်နှယ်ရရ နောက်တိုးမဟုတ်။ ကျွန်ုပ်တို့တမြို့လုံးက ယခုလို မိုးအကုန်ဆောင်းအကူး ကာလဆိုလျှင် လော်စပီကာမှ အော်ဟစ်ပြောဆိုတတ်သော နောက်တိုး၏အသံကို အရေးတယူ လုပ်၍ နားထောင်ရမြဲဖြစ်၏။
အသို့နည်းဟူမူ နောက်တိုးသည်ကား ‘မီးကင်းရေးရာ ကျွမ်းကျင်သူ’ ဖြစ်သောကြောင့်ပေတည်း။ နောက်တိုးနှင့် မျက်နှာချင်းဆိုင်တွင် လက်ဖက်ရည်ကြမ်းပန်းကန်လုံးထဲ လက်ညှိုးထည့်လိုက်၊ စားပွဲပေါ်တွင် ထိုလက်ညှိုးဖြင့် စာရေးလိုက်ဖြင့် အလုပ်များနေသော မောင်လှပုသည်လည်း ခေသူတော့မဟုတ်။
မောင်လှပုတို့က ငွေနှင့်ကြေးနှင့် အလုပ်နှင့်အကိုင်နှင့် တမြို့လုံးတွင် တလုံးတည်းရှိသော စာပုံနှိပ်တိုက်ပိုင်ရှင်ဖြစ်၏။ သူ၏ဖခင်သည်လည်း အီစမန်ကျော်သူရ၏ ဖခင်ကဲ့သို့ပင် မွန်ပြည်နယ်တွင် တာဝန်ကျဖူးသော အရာရှိတဦးဖြစ်၍ ရဲစခန်းမှူးတယောက်ဖြစ်ပေ၏။ ထိုသို့ တာဝန်ကျနေစဉ်သကာလ တခုသော သင်္ကြန်အခါတွင် သူ၏မိခင်ဖြစ်သူက ဒုလ္လဘ ရဟန်းခံပွဲတွင် ရေးမြို့နယ်မှ တက္ကသိုလ်ကျောင်းတိုက်တွင် သာမဏေဘောင်သို့ သွပ်သွင်းပေးခဲ့ဖူးသည်ဟုဆို၏။
မောင်လှပုတို့က ကြုံလျှင်ကြုံသလို သူ၏ လိပ်စာကတ်ကိုလည်း စကားတခါနှစ်ခါ ပြောဖူးသူဖြစ်ယုံမျှနှင့် မရအရ ထိုးပေးလေ့ရှိ၏။ ထို လိပ်စာကတ်ကိုကြည့်လိုက်လျှင် ‘မောင်လှပု (ရေးတက္ကသိုလ်)’ ဟု အဘယ်အကြောင်းကြောင့်မသိ အမြဲထည့်သွင်းလေ့ရှိပြန်ပေ၏။
မောင်လှပု၏ ဘေးတွင် မေးစိကိုပွတ်လျက် ကောင်းကင်ကို မော့ကြည့်ပြီး လေးလေးနက်နက် စဉ်းစားနေဟန်ရှိသော ကိုဟန်မောင်ကတော့ ဆောင်းကာလရောက်လျှင် တမြို့လုံးက အားကိုးနားထောင်ရသော သူတယောက်ဖြစ်ပေ၏။ အဘယ်ကြောင့်ဆိုသော် ကိုဟန်မောင်က ဘေထုတ်အရေးနှင့်ပါတ်သက်လျှင် နှံ့စပ်သူ ဖြစ်သကဲ့သို့ တမြို့လုံးကလည်း ယခုအခါ ကိုဟန်မောင်ဟေ့...ဟု ပြောလိုက်လျှင် ‘သြော် ..ဘေထုတ်အရေးလေ့လာသူပေါ့...’ ဟု ချက်ချင်း သိနေကြတော့၏။
တကယ်တော့ ကိုဟန်မောင်နှင့် နောက်တိုးတို့နှစ်ယောက် ‘ကျွမ်းကျင်သူများ’၊ ‘လေ့လာသူများ’ဘဝသို့ အလိုအလျောက်ရောက်သွားရသည့် အရင်းခံသည်ကား မြို့ပေါ်မှ ထီဆိုင်များ၏ လက်ချက်ဖြစ်တော့ပေ၏။
မြို့နေလူထုကြီးတရပ်လုံး၏ သောတအာရုံကို နည်းပေါင်းစုံဖြင့် ဆွဲယူဖမ်းစားရန်အတွက် ထိုထီဆိုင်များတွင် အင်မတန်ကျယ်လောင်သော လော်စပီကာကြီးများ ရှိကြသည့်ကောင်းမှုဖြင့် ကျွန်ုပ်၏ ငယ်ပေါင်းကြီးဖော် နှစ်ယောက်မှာ မူလ အာဘောင်အာရင်းသန်မှုကလည်းရှိ၊ သူတို့ကိုယ်သူတို့ နှံ့စပ်နားလည်သူများဟုလည်း အတင်းရော အဓမ္မရော လက်ခံအသိအမှတ်ပြုထားသူများလည်းဖြစ်ကြပြန်ပေရာ ယောင်တောင်ပေါင်တောင်ဖြင့် မြို့နေလူထုကြီးတရပ်လုံးကလည်း လော်စပီကာသံကြားလျှင် ထိုနှစ်ယောက်၏ ဟောပြောတွက်ဆချက်များအား အပျင်းပြေ နားထောင်နေကျ ဖြစ်ပေတော့၏။
အနှီအချက်အလက်များအရ ဤလက်ဖက်ရည်ဝိုင်းကလေးကိုကြည့်လျှင်ပင် မြို့နေ ပြည်သူလူထုကြီးတရပ်လုံးက ကျွန်ုပ် ကိုပေသီးသည် မည်ကဲ့သို့သော အထင်ကရပုဂ္ဂိုလ်တဦး ဆိုသည်ကို အော်တိုမစ်တစ် ရိပ်မိလောက်ပြီဖြစ်ပေသည်။
ကျွန်ုပ်မောင်ပေသီး၏ မိမိ၏အဆင့်နေရာနှင့် လူရာဝင်မှုအပေါ် ပီတိအဖြာကြီးဖြစ်လျက် မိန့်မိန့်ကြီး ကျေနပ်နေစဉ်တွင် ကျွန်ုပ်၏ တူတော်မောင်ဖြစ်သော ဂျပ်စတင်ညှက်စိတယောက် လူနှစ်ယောက်ဝင်အိပ်လျှင်ပင် ချောင်ချိနေသေးမည်ဖြစ်သည့် တီရှပ်အကျီ င်္အပွကြီးနှင့် သိုးမွေးခေါင်းစွပ် နက်ပြာကြီး ခေါင်းပေါ်တစောင်းစွပ်ကာ ငယ်ငယ်ရွယ်ရွယ်နှင့် လေဖြတ်နေသောသူတယောက် မစင်ကိုင်မိလာသည့်ပုံစံဖြင့် စောင်းငန်းစောင်းငန်း ကျွန်ုပ်တို့လက်ဖက်ရည်ဝိုင်းသို့ ရောက်လာ၏။ လည်ပင်းတွင်လည်း သော့ခလောက်ကြီး ရွှေချဆွဲထားသေး၏။
ညှက်စိသည် ကျွန်ုပ်၏ ဘေးတွင် လာရပ်လျက် "မိုင်မားသားစ် ဘရားသား ... အကြွေလေး ငါးထောင်လောက် ချွေတာစမ်းပါ" ဟု ပေါင်ရင်း ခါချဉ်ကိုက်သကဲ့သို့ ဟန်ပန်မူရာဖြင့် မုန့်ဖိုးတောင်းလေတော့၏။
၊အန်ထော်နီ ပေသီး၊
ဆက်ရန်
No comments:
Post a Comment