Saturday, November 21, 2009

မြန်မာပြည်နှင့် မိုးပြာဂိုဏ်း ပြဿနာ

မြန်မာပြည်နှင့် မိုးပြာဂိုဏ်း ပြဿနာ
ကမ္ဘာအရပ်ရပ်၌ ဘာသာပေါင်းများစွာရှိပါသည်၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ မွတ်ဆလင်
ဘာသာ၊ ဟိန္ဒူဘာသာ၊ ကျန်ရှိသည့် ၀ါဒများသည်လည်းများစွာ ပေါ်ပေါက်လျက် ရှိပေသည်၊
၎င်းဘာသာများ၌လည်း ဂိုဏ်းကွဲ ဂဏကွဲများစွာဖြစ်တည်နေ လျှက်ရှိသည်၊ ယခုလည်း
ဗုဒ္ဓဘာသာ၌ မိုးပြာဂိုဏ်းဟု ပေါ်လျှက်ရှိပြီ၊ ၎င်းဝါဒ ၎င်းဂိုဏ်းသည် အဓမ္မ၀ါဒ
အယူအဆသာဖြစ်ကြောင်း ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်၊ သို့သော်လည်း အကင်းမသေ
သေးပါ၊ ညောင်မြစ်ပမာ မြစ်တွယ်လျှက်ရှိသေးသည်၊ နအဖ ဆိုးသွမ်းသောင်းကြမ်းပြင်းထန်
လာခိုက်တွင် ပို၍ပို၍ ၎င်းမိုးပြာဂိုဏ်းသည်လည်း ကြီးထွားပြန့်ပွားလျှက်ရှိသည်၊ မသူတော်
များ နေရာရခိုက် မသူတော်များပေါ်ထွန်းလာသည်မှာ အံ့စရာမဟုတ်သော်လည်း ဓမ္မ၏
အန္တရာယ်ဖြစ်သောကြောင့် အလွန်ပင် သတိချပ်သင့်လှသည်၊ ယ္ခုဆိုလျှင် စင်္ကာပူ
ရောက်မြန်မာများသည် မိုးပြာဂိုဏ်းကို သက်ဝင်လျှက်ရှိနေသည်ဟု ကြားသိရသည်မှာ
ရင်မောဖွယ်ပင်၊ မိုးပြာဂိုဏ်းဝင် ပုဂ္ဂိုလ်များသည် စာတ်ပေတတ်ဟုဆိုသော်လည်း တတ်သည့်
ပညာကို အလွဲသုံးစားလုပ်နေခြင်းကြောင့် နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့နေဖြင့်
ဘွဲ့များကို ပြန်လည် ရုတ်သိမ်းသင့်လှသည်၊ ၎င်းပုဂ္ဂိုလ်များကို ခေါ်ယူစစ်ဆေးသင့်လှသည်၊
အရင်က ဖြစ်ပေါ်ခဲ့ဖူးသော တောင်တွင်းကြီး ဦးဥက္ကဋ္ဌ၊ ကျောက်သင်္ဘောဆရာတော်တို့ကဲ့သို့
ပြစ်ဒဏ်ကို ချမှတ်သင့်လှသည်၊ လူပုဂ္ဂိုလ်များဖြစ်သော စာရေးဆရာကြီးပါရဂူသည်လည်း
ဓမ္မလမ်းကြောင်းမှ သွေဖယ်လျှက် ရှိနေသည်မှာ၊ မြန်မာပြည်သူများအတွက်
ရင်လေးစရာဖြစ်သည်၊ မိုးပြာဂိုဏ်းချုပ် ဦးဉာဏသည် မိုးပြာဂိုဏ်းနာမည်ဖြင့်
ပြာရောင်သာသနာတည် ထောင်ခဲ့ခြင်း ကြောင့် ထောင် ၁၃ နှစ်ကျခံခဲ့ဘူးလေပြီ၊
သို့သော်လည်း အမှတ်မရှိ ဆက်လက် မိုက်မဲလျှက်သာရှိပေသည်၊ တဉ်ီးတယောက်တည်း
မိုက်မဲခြင်းသည်ကား အကြောင်းမဟုတ်၊ နွယ်ကဲ့သို့ ဒကာ၊ ဒကာမများကို ရစ်ပတ်
ခြည်နှောင်ကာ ငရဲသို့ပို့ ဆောင်နေသည်ကား မြင်မတော်လှပြီ၊ ဓမ္မစေတီ
ဦးကောသလ္လသည်လည်း မိုးပြာဂိုဏ်း ကိုထောက်ခံလျှက်ရှိပြီး ထိုပုဂ္ဂိုလ်ကိုယ်တိုင်
အဖွဲ့ဝင်ဖြစ်ပြီး ဒကာဒကာမများကို ဆွယ်တရားဟောနေခဲ့သည်မှာ နာမည်ပင်ကျော်ကြား
လျှက်ရှိပေသည်၊ မြစ်ကြီးနား ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဖြစ်ခဲ့
ဖူးသော ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ သည်လည်း ၎င်းဆွယ်တရားအဓမ္မများ
ဖြန့်ဝေဟောပြောမှုကြောင့် တရုတ်ပြည်သို့ ထွက်ပြေး နေခဲ့ရသည်ဟုကြားသိခဲ့ရသည်။
၎င်းမိုးပြာဂိုဏ်းမှ ဟောပြောချက်များမှာ သာသနာမှ လုံးဝဖီလာဆန့်ကျင်နေသည်ကို
အောက်တွင်ရှုပါဦး၊
၁။ ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် တခါလုပ်မိရင် ထပ်ထပ်လုပ်ချင်တယ်၊
ဒီကံကြီးက ကိုယ့်ကိုရစ်ပတ်နေပြီ၊ ဒီလူမလွတ်လပ်တော့ဘူး။
၂။ ဘုရားရဲ့နက်အရကောက်ဟာ မိုးပေါ်ကသူတွေမဟုတ်ဘူးဆိုတာ ပေါ်လွင်တယ်။
၃။ ဒီလောက်တန်ဘိုးများ၊ ဒါနကြီးအတွက် ဘုရားဟောတဲ့ တစ်ဂါထာထဲမှာ


နတ်ပြည်လည်းမပါဘူး၊ လူ့ပြည်လည်းမပါဘူး၊ ငရဲပြည်လည်းမပါဘူး၊ နောင်ဘ၀လည်း
မပါဘူး၊ ဒါနအကျိုးကို ဘုရားက နတ်ပြည်လို့မဟောဘူး၊
၎။ ဘုရားက လူကိုသတ်မှ ပါဏာတိပါတလို့ဟောတယ်၊ တိရိစ္ဆာန်သတ်ရင် ကံမထိုက်ပါဘူး၊
အစိုးရပစ္စည်းဟာ လူ့ပစ္စည်းမဟုတ်ပါဘူး၊ အဲဒါကိုခိုးလို့ ကံမထိုက်ပါဘူး၊ ကာမဂုဏ်မှားယွင်း
ကျက်စားမှုဟာ ကိုယ့်ကာမပိုင် မဟုတ်သူကို မေထုန်ပြုမှုဟု အဓိပ္ပါယ်မရပါဘူး၊
ကိုယ့်ဘ၀မဟုတ်တဲ့ အရာတွေကို မမှန်တာပြောလည်း လိမ်ရမကျဘူး၊ မုသာဝါဒမဖြစ်ဘူး
လိမ်ကောင်းတယ်၊ မူးအောင်မသောက်ရင် အရက်ဟာ မိတ်ဆွေပေါလို့ ၊စီးပွားဖြစ်တော့
အကျိုးတောင် ပိုရှိသေးတယ်၊ ဒီလိုသောက်တာကို မြတ်စွာဘုရားက သူရာမေရယလို့
ဟောတာမဟုတ်ဘူး။
၅။ နတ်ပြည်ရဲ့တည်ရာက မြင်းမိုရ်တောင်ပဲ၊ ဒီတောင်ဟာ ကမ္ဘာ့ပထ၀ီမှာ
တကယ်မရှိတဲ့တောင်ပဲ၊ ဒါကြောင့် ဒီလောက်ယုတ္တိမဲ့အရာလို့ပဲ ပြောပါရစေ။
၆။ ဘယ်တရားမှ မရချင်နေ၊ ရှေ့ဘ၀ နောက်ဘ၀ကိုတော့ မတွေးရဘူး၊ ရှေ့ဘဝ
နောက်ဘ၀တွေးတဲ့သူဆိုရင် မိစ္ဆာဒိဋ္ဌိလို့ဆိုပြီး သကာလ ကျုပ်တို့နှင့် ပဋိပက္ခအရာမှာရှိတယ်။
၇။ ဆဋ္ဌသံဂါယနာတင်ပွဲဟာ၊ ဦးနုနဲ့ ဖဆပလအဖွဲ့တို့၊ ဦးဝိစိတ္တတို့ မဟာစည်တို့၊
ညောင်ရမ်းတို့၊ ဂုဏ်သိက္ခာရတာတွေကလွဲလို့ အခြားအကျိုးကတော့ မပြောပလောက်
ပဲဖြစ်တယ်။
၈။ အရဟံ ဆိုပါတော့၊ အဲဒီစာတွေက သိပ်မြင့်တယ်၊ ဒို့လူတွေနဲ့မတန်ဘူး၊ မတန်မရာကို
တို့လူတွေက ရွတ်ဆိုနေမိကြတာပဲ၊ ဒီစာတွေဟာ စိတ္တဇအပြစ်ဖြစ်တယ်၊ ဘုရားကို
အထင်ရောက်သွားတော့ စိတ္တအပြစ်ကို ဖြစ်စေတယ်၊ အပြစ်ကကြီးတယ်၊ ဗုဒ္ဓဘာသာ
မဟုတ်တော့ဘူးလို့ဖြစ်တယ်။
၉။ တရားဓမ္မဆွေးနွေးတဲ့အခါ၊ ပရမတ်တွေအကြောင်းမပြောစေချင်ပါဘူး၊ ပရမတ်တွေဟာ
တရားမဟုတ်လို့ပါပဲ။
၁၀။ ဒီလိုဆိုရင် ဒီစာသင်တိုက်ကြီးတွေဟာ တလွဲဖြစ်ထွန်းနေတာမို့၊ ဗုဒ္ဓဘာသာတရားဓမ္မအရ
လိုလားစရာမဟုတ်ဘူး။
၁၁။ လူသားလျှောက်ရမည့် လမ်းဟူသည်၊ ဘုရားသခင်၏ အစေအပါးအဖြစ် ကိုယ့်ကိုကိုယ်
ယဇ်ပူဇော်ခြင်းမဟုတ်၊ မိမိကိုယ်ကို မိမိကပင် ဘုရားသခင်အဖြစ် ခန့်အပ် လိုက်ခြင်း
ပင်ဖြစ်သည်။
၁၂။ လေးသင်္ချေကမ္ဘာတသိန်း ပါရမီဖြည့်ကျင့်ပြီးမှ ပေါ်ထွန်းလာသော ဗုဒ္ဓသည်
မှားယွင်းသောကြောင့် မိစ္ဆာသမ္ဗုဒ္ဓဖြစ်သည်၊ လက်ရှိပစ္စုပ္ပန်ဘ၀ တခုတည်း၌ဉာဏ်ဖြင့်
ထိုးထွင်းသိမြင်သော ဗုဒ္ဓသာလျှင် သမ္မာသမ္ဗုဒ္ဓဖြစ်သည်။
၁၃။ ဘ၀သံသရာဟူသည် မရှိ၊ ပစ္စုပ္ပန် ဘ၀တခုသာ ရှိသည်။
၁၄။ ဂေါတမ ဘုရားသခင်သည် ဆွမ်းဘုဉ်းပေးခြင်း၊ ရေဘုဉ်းပေးခြင်းကြောင့၊် ကိလေသာ
မကုန်သေး၊ လောဘတဏှာကိလေသာရှိသည်။
၁၅။ ဗုဒ္ဓသည် မာနတ်၏သမီး နတ်သမီး သုံးယောက်နှင့် ပျော်ပါစံစားရန် စိတ်ကူးမိကြောင်း
ဖော်ပြထားသဖြင့် ကိလေသာမကုန်သေးဟု ဆိုရမည်။
၁၆။ ပါဏာတိပါတ သိက္ခာပုဒ်အရ လူ့အသက်သတ်မှ အပြစ်ရှိသည်၊ တိရိစ္ဆာန်
အသက်သတ်လျှင် ငရဲမကြီးချေ၊ အကြောင်းမူ ဗုဒ္ဓသည် အသားစားခြင်းကို
ခွင့်ပြုထားသောကြောင့် သတ္တ၀ါ၏ အသက်သတ်ခြင်းကို ခွင့်ပြုရာရောက်သည်။
၁၇။ ပုဂ္ဂလိက တဦးတည်းပိုင် ပစ္စည်းကို ခိုးယူလျှင် အပြစ်ရှိသည်၊ အများပိုင်ပစ္စည်းကို
ခိုးယူလျှင် ပိုင်ရှင်ဖြစ်သူများမှာ ထိခိုက်နစ်နာမှုမရှိသောကြောင့် အပြစ်မရှိ။
၁၈။ ကာမပိုင် အမျိုးသမီးကို သဘောတူပျော်ပိုက်ရာ၌ အပြစ်မရှိ၊ ဆန္ဒကို ဖြည့်စွက်
ပေးသောကြောင့် ကုသိုလ်ပင် ဖြစ်နိုင်သည်။
၁၉။ မိမိတဦးတယောက် အကျိုးတွက် လိမ်လည်ဖြစ်လျှင် အကုသိုလ်ဖြစ်သည်၊ အများ
ကောင်းကျိုးအတွက် လိမ်လည်လျှင် အပြစ်မရှိ။
အထက်ပါ မိုးပြာဂိုဏ်းမှ ဟောပြောချက် မြူဆွယ်ချက်များမှာ မည်မျှလော်လီ ယုတ္တိမတန်၊
ကျမ်းထောက်မရှိ အဖြီးအဖျန်းမျှသာ ဖြစ်ကြောင်းကိုမူ စာဖတ်သူ သူတော်စင်များအား
ရှင်းပြရန်လိုအပ်တော့မည်မထင်။
၎င်းနည်းတူ အခြားခြားသော အဓမ္မ၀ါဒများ မြန်မာနိုင်ငံ၌ပေါ်ခဲ့ဖူးလေသည်၊ အဓမ္မဖြစ်သော
ကြောင့် တာရှည်မခံ၊ ရုတ်ချည်းပျောက်ခဲ့ဖူးလေပြီ။ ၎င်း အဓမ္မ၀ါဒများမှာ---
၁။ တောင်တွင်းကြီး အရှင်ဥက္ကဋ္ဌ၏ လူသေလူဖြစ် အဓမ္မ၀ါဒ။
၂။ ကျောက်သင်္ဘောဆရာတော်၏ အဓမ္မ၀ါဒ။
၃။ ဆူးလေ ဦးမြင့်သိန်း၏ ထေရ၀ါဒအမည်ခံ အဓမ္မ၀ါဒ။
၎။ ချစ်ငယ် (ဒဿန)(ဗုဒ္ဓစာပေဆု)၏ အဓမ္မ၀ါဒ။
၅။ ဦးအေးမောင် (စာပေဗိမာန်)၏ အဓမ္မ၀ါဒ။
၆။ လက်ပံတန်း ဦးမြတ်သိန်းထွန်း၏ ကာမဂုဏ် အရိယာ အဓမ္မ၀ါဒ။
၇။ တန့်ကြည့်တောင် ဦးသောမဗုဒ္ဓိ၏ အဓမ္မ၀ါဒ။
၎င်း အဓမ္မ၀ါဒများသည် ယခုအချိန်တွင် ငြိမ်နေသော်လည်း အခါအခွင့်ကောင်းလျှင် ထကြွရန်
တာစူလျှက်ရှိသေးသည်။
တဆက်တည်းမှာပင် ရဟန်းကြီး ဦးကျော်ဟိန်း(ရုပ်ရှင်မင်းသား) ဦးကိတ္တိသာရသည်
မြတ်စွာဘုရား အယူအဆနှင့် မိမိ၏ အယူအဆသည် မတူဟု ဟောပြောနေမှုကား
သာသနာ၏ အန္တရာယ် ဓမ္မ၏အန္တရာယ်ပင်ဖြစ်ပေသည်။
ထို့အတူ စာရေးဆရာကြီး ပါရဂူ၏ ဘာသာမဲ့ ရုပ်ဝါဒတို့သည်လည်း သာသနာတော်၏
ဆူးခလုတ်များပင်ဖြစ်ပေသည်။
အထက်ပါအချက်လက်များကို ကြည့်ရှုဝေဘန်ရလျှင် ယုတ္တိယုတ္တာမဲ့ခြင်း၊ အထောက်အဆ
မရှိခြင်း၊ လျှာရိုးမရှိတိုင်း လိမ်လည်ပြောဆိုပြောခြင်း၊ ဘုရား၏ကျေးဇူးကို မဲ့ခြင်း၊
ဆရာသမားများ၏ ဂုဏ်ကျေးဇူးကို မငဲ့ကွက်ခြင်း။ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဟု
ထင်ရာစိုင်း ရိုင်းစိုင်းခြင်းတို့မျှသာဖြစ်ကြောင်း။
ထိုသို့ အယူဝါဒများကြီးစိုးလာလျှင် တိုင်းပြည်တွင် မင်းမဲ့စရိုက်များ ထူပြောလာမည် မှာ
ဧကန်မလွဲပင်၊ သတ္တ၀ါတို့၏ ခန္ဓာအိမ်ကို စိုးစင်းမျှ မငဲ့ကွက်ပဲ သတ်မှု ငြင်းဆဲမှုများ
ထူပြောလာမည်မှာ တိမ်စင်လပမာ ထင်ရှားလှပေ၊ ထိုအဓမ္မဂိုဏ်းဂဏများသည် မသူတော်
နအဖ လက်ထက်တွင် ဗူးပေါ်သလို ပေါ်လာပေဦးမည်၊ အရှင်ကောင်းအရှင်မြတ်မြတ်များနှင့်
အဓမ္မဂိုဏ်းတို့ကို နိုင်ငံရေးတွင်သုံချပေဦးမည်၊ နိုင်ငံရေးကို စိတ်ပါဝင်စားနေသော
သံဃာများကို ဘာသာရေး အဓိကရုဏ်းဖြစ်စေပြီး နိုင်ငံရေး အမြတ်ထုပ်ပေဦးမည်။
သူတော်စင်အပေါင်းတို့ မသူတော်တို့၏ မြူဆွယ်ရာ စကား စာပေများကို မယုံကြည်ကြလင့်၊
ဘယ်စာပေ ဘယ်အယူအဆမျိုးပင်ဖြစ်စေ ဟုတ်တန်ရာ၏၊ မဟုတ်တန်ရာ၊ ဝေဘန် သုံးသပ်
ဆင်ခြင်ကြပါလေ၊ မိမိ၏ဘာသာ သာသနာကို ကမ္ဘာတည်သရွေ့ တည်ရှိစေကြပါလေ၊
ဆူးညွတ် ခလုတ်ကန်သင်းများကို နုတ်ပစ်ကြလော့၊ ဖယ်ရှားကြလော့…..။
သာသနာတော်၌ မဟာယာန ထေရ၀ါဒ ကွဲပြားနေသည်ကိုပင် ပြန်လည်ပေါင်းစည်းရန်
ကြံဆသင့်လှသည့်အချိန်တွင် ထိုထိုအဓမ္မဂိုဏ်းဂဏများ ပေါ်ထွက်လာသည်မှာ အမင်္ဂလာ
ဖြစ်၏၊ ထိုအဓမ္မဂိုဏ်များကို လုံးဝ ဆန့်ကျင် ဖယ်ရှားကြလော့ သူတော် ကောင်းတို့….။
မှတ်ချက်။ ။မြတ်စွာဘုရား၏ သာသနာတော် ဆက်လက်ရှင်သန် ပြန့်ပွားစေခြင်းငှါ
ထက်သန်သော သူတော်ကောင်းစိတ်ဓာတ်ဖြင့် ၎င်းစာကို ဖြန့်ဝေန်ရန် တိုက်တွန်း
လိုက်ရပါသည်။
ထေရ၀ါဒ ရဟန်းတော်(အဝေးရောက်)

1 comment:

  1. အောက်ခံ အရောင်ကြောင့်စာဖတ်လို့ မသဲကွဲပါ။

    ReplyDelete