Monday, November 23, 2009

မိုင်းယန်းရိုးရာကျွဲခတ်ပွဲ သိန်းချီလာဘ်ထိုး၍ကျင်းပ

မိုင်းယန်းရိုးရာကျွဲခတ်ပွဲ သိန်းချီလာဘ်ထိုး၍ကျင်းပ
သောကြာနေ့၊ 20 နိုဝင်ဘာလ 2009 သျှမ်းသံတော်ဆင့်


မိုင်းယန်းမြို့ဒေသခံ သျှမ်းရိုးရာကျွဲခတ်ပွဲ အစဉ်အလာမပျောက်ကွယ်စေရန် မိုင်းယန်းမြို့နယ် ဥက္ကဌထံ ပိုက်ဆံသိန်းချီ လာဘ်ထိုး၍ကျင်းပကြောင်း - အမည်မဖေါ်လိုသည့် ဒေသခံတဦးက ထိုင်းနယ်စပ် သတင်းဆို့စ်ကိုပြောပါသည်။

“ကျွဲခတ်ပွဲဖြစ်မြောက်ဖို့ ပွဲမိန့်တောင်းပြီး မယကရုံးကို ၅ သိန်းကျော်ပေးရတယ်၊ နေပြည်တော် ကလာတဲ့ ဗိုလ်ကြီးဟောင်း မိုင်းယန်း မယကဥက္ကဌ ဦးကြည်မြင့်လက်ထဲ အသားတင်ကျန်မှာက အနည်းဆုံး ၃-၄ သိန်းဘဲ” - ဟု မယက ရုံးဝန်ထမ်း

များနှင့် နီးစပ်သူတဦးကပြောပြပါသည်။
[တရုတ်ပြည် ယူနန်နယ် ဆစ်ဆောင်ပန်းနားသျှမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျွဲခတ်ပွဲတော် (photo:daylife.com)]

တရုတ်ပြည် ယူနန်နယ် ဆစ်ဆောင်ပန်းနားသျှမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကျွဲခတ်ပွဲတော် (photo:daylife.com)

နိုဝင်ဘာ ၁၈ နှင့် ၁၉ ရက်နေ့ မိုင်းယန်းမြို့ ကျွဲခတ်ကွင်း၌ ကျင်းပခဲ့သည့် ရိုးရာကျွဲခတ်ပွဲတော်သို့ ကားကြီးကားလတ် အစီး ၈၀ ကျော်ခန့်၊ ပွဲတက်ပရိသတ် ၁ သောင်းကျော် အားပေးကြောင်းဆိုပါသည်။

“ဗမာစစ်တပ်နဲ့ မြို့နယ်စည်ပင်က ကျွဲခတ်ဝင်းထဲအကွက်ချပြီး ဈေးရောင်းဖို့ငှားပေးတယ်။ တကွက် ၈ ထောင်ကျပ်၊အဲ့ အပြင် တစ်ရက် တထောင်ကျပ် ထပ်ကောက်သေးတယ်” - ဟု ဈေးသည်တဦးက ပြောပါသည်။

ကျွဲခတ်ပြိုင်ပွဲအပြင် ဖဲဝိုင်း (ကျွဲချိုဖဲ)၊ လေးကောင်ဂျင်၊ ကုံးကင်း၊ ခြောက်ကောင်ကင် စသည့် လောင်းကစားဝိုင်းများလည်း ရှိကြောင်း - သိရပါသည်။

“မနေ့က နေ့ခင်းပိုင်း ၁၃း၀၀ နာရီလောက်မှာ အကောင်လတ် ကျွဲခတ်ပြိုင်ပွဲရှိတယ်။ မွန်းလွဲပိုင်း ၁၅း၀၀ နာရီ လောက် တော့ တကယ့်လက်ရွေးစင် ကျွဲအကောင်ကြီးတွေ ခတ်ပြိုင်ကြတယ်” - ဟု ရိုးရာကျွဲခတ်ပွဲ နှစ်သက်သူတဦး ကပြောပါသည်။

ကျွဲခတ်ပြိုင်ပွဲကို လာမည့်နိုဝင်ဘာ ၂၅ ရက်နေ့ ဖိုင်နယ်အဆင့် ပြိုင်ပွဲကျင်းပမည်ဖြစ်ပြီး အနိုင်ရသည့်ကျွဲချန်ဘီယံ တကောင် အား ဆုငွေ ငွေဒင်္ဂါးဟောင်း (အင်္ဂလိပ်ငွေဒင်္ဂါးတပြားလျှင် တရုတ်ယွမ်ငွေ ၄၀/ မြန်မာကျပ်ငွေ ၆၀၀၀ ကျပ်ခန့်) ၁၅ ပြားမှ အပြား ၂၀ အထိ ချီးမြင့်မည်ဟု ကျွဲပိုင်ရှင်တဦးကပြောပါသည်။

“ကျွဲခတ်ပွဲကျင်းပရင် မိုးကောင်းမယ်။ မြေဆီလွှာကောင်းမယ်။ စပါးနဲ့ ခြံထွက်သီးနှံဖြစ်ထွန်းအောင်မြင်မယ် အထွက်တိုးမယ် လို့ယုံကြည်ကြတယ်လေ။ ပြိုင်ပွဲဝင်မယ့် ကျွဲဆိုလဲ လူမစီးရဘူး။ ကောင်းကောင်း ကျွေးမွေးပြုစုထားရတယ်” - ဟု ပြော၏။

ယခုနှစ် နောက်ဆုံးပြိုင်ပွဲတွင်အနိုင်ရရှိခဲ့သည့် ကျွဲမှာ မိုင်းပြင်းရွာမှဖြစ်ကြောင်း၊ အဆိုပါကျွဲအား တရုတ်ငွေ ၇၅၀၀ ယွမ် (မြန်မာကျပ်ငွေ ၁ သန်း ၂ ခန့်) ပေးဝယ်ခဲ့ကြောင်း ဆို၏။ “ဆုငွေက များများစားစားမရပေမယ့် မင်္ဂလာယူတယ်လေ” - ကျွဲပိုင်ရှင်ကပြောကြောင်း ပွဲတက်ပရိတ်သတ်တဦးကပြော၏။

ကျွဲခတ်ပွဲတော်သည် မိုင်းလွေဒေသဘက် အရင်ဦးဆုံးကျင်းပရကြောင်း၊ အဘယ်ကြောင့်ဆိုတော် မိုင်းလွေ၌ စိန်ချိုကျွဲမင်း ၏ ဂူ (ထမ့်ကွိုင်းခေါ်ဝ်ဆိုင်) ရှိသော ကြောင့်ဖြစ်ကြောင်း၊ မိုင်းလွေ အမည်လည်း ကျွဲလိုက်ခတ်သောမြို့(ပြည်) ဟုအဓိပ္ပါယ်ရ ကြောင်း သက်ကြီးပိုင်းများက ပြန်လည်ပြေပြ၏။

သျှမ်းပြည်အရှေ့ပိုင်း သျှမ်းရိုးရာကျွဲခတ်ပွဲတော်သည် ရှေးစော်ဘွားခေတ်အဆက်မှ ကျင်းပလာခဲ့သော်လည်း လက်ရှိတွင် မိုင်းလွေ၊ မိုင်းယန်း နှင့် ယန်းကောင့်ဒေသတို့၌ သာကျင်းပလေ့ရှိသည်ဟု ဟုသိရသည်။

No comments:

Post a Comment