တင်ပို့မှုများ၍ ဘင်္ဂလာဒေ့ရှ်ဈေးကွက်တွင် မြန်မာသစ်များ ဈေးကျ
12/1/2009
နိရဉ္စရာသတင်း
တင်ပို့မှုများလာနေခြင်းကြောင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံတွင် မြန်မာသစ်များ ဈေးကျလာနေသည် ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။
ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့သစ်တင်ပို့ရာတွင် ယခင်က တက္ကနာဆိပ်ကမ်းမှတဆင့် တင်ပို့ နေကြရာမှ ယခုအခါ ဦးတေဇပိုင် ထူးကုမ္ပဏီအပါအ၀င် ဧရာဝတီနှင့် တနင်္သာရီမှ သစ်လုပ်ငန်းရှင်များက စစ်တကောင်းဆိပ်ကမ်းသို့ တိုက်ရိုက် အပြိုင်အဆိုင် တင်ပို့လာနေခြင်းကြောင့် ဖြစ်သည်ဟု သူကပြောသည်။
”ဒီမှာ သစ်ဈေးတွေ အရမ်းကျနေတယ်။ ဦးတေဇကုမ္ပဏီနဲ့ ဧရာဝတီနဲ့ တနင်္သာရီက သစ်လုပ်ငန်းရှင်တွေက စစ်တကောင်းကို တိုက်ရိုက် အပြိုင်အဆိုင် အလုံးအရင်း တင်ပို့လာနေတာကြောင့်ဖြစ်တယ်” ဟု အမည်မဖေါ်လိုသူ အဆိုပါ နယ်စပ်ကုန်သည်က ပြောသည်။
ဘင်္ဂလာဒေ့ရှ်ဈေးကွက်တွင် မြန်မာကျွန်းသစ်တစ်တန်၏ ယခင်ပုံမှန်ဈေးနှုန်းမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံသုံး တာကာငွေ ၂၂၀၀၀၀ ကျော် ရှိနေခဲ့ရာမှ ယခုလပိုင်းအတွင်း တာကာငွေ ၁၇၀၀၀၀ ခန့်ထိ၊ ပိန္နဲတစ်တန်လျှင် တာကာငွေ ၁၃၀၀၀၀ ကျော်ရှိနေခဲ့ရာမှ ၈၀၀၀၀ ခန့်ထိ၊ စံကားဝါတစ်တန်လျှင် တာကာငွေ ၁၁၀၀၀၀ ခန့် ရှိနေခဲ့ရာမှ ၆၀၀၀၀ ခန့်ထိ၊ ကညင်ကဲ့သို့ အပေါ့စား သစ်တစ်တန်လျှင် တာကာငွေ ၆၀၀၀၀ ပုံမှန်ဈေးပေါက်နေခဲ့ရာမှ ၃၀၀၀၀ ခန့်ထိ အသီးသီး ဈေးကျသွားခဲ့သည်။
မြန်မာနိုင်ငံမှ တင်ပို့လာသည့် ကျွန်းသစ်၊ ပိန္နဲ၊ စံကားဝါ နှင့် ကညင်စသည့် သစ်များမှာ ဘင်္ဂလာဒေ့ရှ် သစ်ဈေးကွက်တွင် ၀ယ်လိုအားကောင်းသော သစ်များဖြစ်ကြသည်။
မြန်မာနိုင်ငံမှ ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ သစ်တင်ပို့ရောင်းချမှုကို စစ်အစိုးရက တားမြစ်ပိတ်ပင်ထားသော်လည်း ဦးတေဇပိုင်ကုမ္ပဏီ နှင့် ဧရာဝတီနှင့် တနင်္သာရီမှ သစ်လုပ်ငန်းရှင်များမှာ စစ်အရာရှိကြီးများနှင့် ပေါင်း၍ မှောင်ခိုတင်ပို့နေကြခြင်းဖြစ်ကြောင်း ရခိုင်သစ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
”ဘင်္ဂလားဒေ့ရှ်ကို သစ်တင်ပို့တာကို မြန်မာနိုင်ငံမှာ အထူးသဖြင့် ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာ စစ်အစိုးရက တင်းတင်းကျပ်ကျပ်တားမြစ်ထားပါတယ်။ ဒါပေမယ့် ဦးတေဇကုမ္ပဏီနဲ့ တခြားဧရာဝတီ နဲ့ တနင်္သာရီက သစ်လုပ်ငန်းရှင်တွေကတော့ နအဖအရာရှိကြီးတွေနဲ့ပေါင်းပြီး အလုံးအရင်း တင်ပို့နေကြတာဖြစ်ပါတယ်” ဟု သူကပြောသည်။
ဒေသခံစီးပွါးရေးသမားများ၏အဆိုအရ ဦးတေဇပိုင်ထူးကုမ္ပဏီသည် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ ရခိုင်ရိုးမနှင့် မြေပုံမြို့နယ်ရှိ ကွမ်းချောင်းတောင်တန်းတွင် အစိုးရတရားဝင် သစ်ထုတ်လုပ်ခွင့်ပါမိတ် ရရှိထားပြီး၊ ထိုဒေသများမှ ထုတ်လုပ်နေသည့် စံချိန်မှီသစ်များကို ထိုင်း၊ စင်ကာပူ၊ မလေးရှားများသို့တင်ပို့နေခြင်းဖြစ်ပြီး စံချိန်မပြည့်မှီ သစ်များကို ဈေးပေါပေါဖြင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ တင်ပို့နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
မြန်မာ-ဘင်္ဂလာဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုတွင် မြန်မာဘက်မှ သစ်မှောင်ခို တင်ပို့မှုသည် အမြတ်အစွန်းအကောင်းဆုံးသော စီးပွါးရေးလုပ်ငန်းတစ်ခု ဖြစ်သည်ဟုလည်း စီးပွါးရေးသမားများက ပြောသည်။
နယ်စပ်သတင်းရပ်ကွက်များ၏အဆိုအရ စစ်အစိုးရ၏ ရေတပ်၊ နစကတပ်ဖွဲ့များသည် ရခိုင်ဒေသခံများ၏ သစ်မှောင်ခိုတင်ပို့မှုများအပေါ် အခွန်အတုတ်ကောက်ခံခြင်း၊ အဆင်မသင့်လျှင် ပစ်ခတ်ဖမ်းဆီးခြင်းများ ပြုလျက်ရှိသော်လည်း စစ်အရာရှိများ ပါဝင်ပတ်သတ်နေသည့် အလုံးအရင်းနှင့် သစ်မှောင်ခိုတင်ပို့မှုများအပေါ် တစ်စုံတစ်ရာ ဟန့်တားမှုမပြုနိုင်ဘဲ လက်ပစ်ကြည့်နေကြရသည်။
သစ်တင်ပို့မှုကို မြန်မာဘက်မှ တားမြစ်ပိတ်ပင်ထားသော်လည်း ဘင်္ဂလာဒေ့ရှ် အာဏာပိုင်များက အခွန်ကောက်ပြီး တရားဝင်ပို့ကုန်အဖြစ် အသိအမှတ်ပြု လက်ခံလျက်ရှိသည်။
No comments:
Post a Comment