Thursday, October 15, 2009

ဂျာမဏီအစိုးရမှ မြန်မာဒုက္ခသည် စခန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ ၄ သိန်းကျော်လှူဒါန်း

ဂျာမဏီအစိုးရမှ မြန်မာဒုက္ခသည် စခန်းနှစ်ခုအတွက် အမေရိကန်ဒေါ်လာ ၄ သိန်းကျော်လှူဒါန်း

10/15/2009
နိရဉ္စရာ

ဂျာမဏီအစိုးရမှ ဘင်္ဂလာဒေခ်ျ့ နိုင်ငံရှိ မြန်မာ မူဆလင် ဒုက္ခသည် စခန်းနှစ်ခု အတွက် အမေရိကန် ဒေါ်လာ ၄၃၁၆၅၅ ကူညီလှူဒါန်းလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါ ကူညီငွေကို ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး (ယူအန်အိပ်ခ်ျစီအာရ်)မှ တဆင့် ကူညီသွားမည် ဖြစ်ပြီး ဘင်္ဂလာဒေခ်ျ့ရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်သူ ရိုဟင်ဂျာများ နေထိုင်ရေး တိုးတက် ကောင်းမွန်စေရန် ရည်ရွယ်ချက်ဖြင့် ကူညီခြင်း ဖြစ်ကြောင်း ဂျာမန် အရာရှိများက ပြောသည်။

ယခုကဲ့သို့ ဂျာမဏီမှ ငွေကြေးထောက်ပံ့ပေးမူ အပေါ် ဘင်္ဂလာဒေခ်ျ့မှ ယူအန်အိပ်စီအာရ် ဌာနေကိုယ်စားလှယ် ဆာဘာ အာဂျန်က ကြိုဆိုလိုက်ပြီး အဆိုပါ ကူညီငွေများကို စခန်းအတွင်းရှိ ဒုက္ခသည်များအတွက်သာမက ဒုက္ခသည်များအတွက် နှစ်ပေါင်း (၂၀) နီးပါးခန့် ၀န်ထုပ် ၀န်ပိုးဖြစ်နေသော အိမ်ရှင် ဘင်္ဂလာဒေခ်ျ့နိုင်ငံကိုပါ ခွဲဝေ ကူညီသွားမည်ဟု ပြောသည်။

ဆာဘာ အာဂျန်မှာ များမကြာမှီကမှ အသစ် ပြောင်းရွှေ့ရောက်ရှိလာသော ယူအန်အိပ်စီရာ ဘင်္ဂလာဒေခ်ျ့ ဌာနေ ကိုယ်စားလှယ် ဖြစ်သည်။

ယခု ဂျာမဏီ အစိုးရမှ ကူညီသောငွေများကို စခန်းတွင်းရှိ စာသင်ကျောင်းများကိုသာမက စခန်းပြင်ပရှိ ဘင်္ဂလာဒေခ်ျ့ ကလေးငယ်များ စာသင်နေသော စာသင်ကျောင်းများကိုပါ ပြုပြင်ပေးသွားမည်ဟု သူက ဆိုသည်။

သို့သော် စခန်းပြင်ပတွင် နေထိုင်သူ များဖြစ်ကြသည့် ယူအန်မှ ဒုက္ခသည် အဖြစ် အသိအမှတ် မပြုခံရသူ ရိုဟင်ဂျာ (၄) သောင်းနီးပါးအနေဖြင့် အဆိုပါ ကူညီငွေမှ ခံစားခွင့် ရရှိမည်မဟုတ်ဟု သိရသည်။

ကိုတော့ပလောင် စခန်းပြင်ပတွင် ဒုက္ခသည် အဖြစ် အသိအမှတ် အပြု မခံရဘဲ နေထိုင်သူ ဒေါက်တာ ရော်ဖိက “ စခန်းပြင်ပမှာ နေထိုင်တဲ့ ကျွန်တော်တို့ကို ဘယ်သူမှ အကူအညီ မပေးပါဘူး။ အခုအခါ အပြင်ကို ထွက်ပြီး အလုပ် လုပ်ခွင့်ကိုလည်း ဘင်္ဂလာ အာဏာပိုင်တွေက ပိတ်ပင်ထားတဲ့ အတွက် အထူး ဒုက္ခရောက်နေကြရပါတယ်” ဟု ပြောသည်။

အောက်တိုဘာလ ၁၃ ရက်နေ့က ကိုတော့ပလောင် ဒုက္ခသည် စခန်းကို လာရောက် လည်ပတ်ခဲ့သော ဂျာမဏီနှင့် အနောက်နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည်လည်း စခန်းပြင်ပရှိ ဒုက္ခသည်များကို တွေ့ဆုံခဲ့ခြင်း မရှိကြောင်း သိရသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံတွင် တခြား ယူအန် အသိအမှတ်ပြု မြန်မာနိုင်ငံသား မြို့ပေါ် ဒုက္ခသည် ၃၀၀ နီးပါးရှိပြီး အများစုမှာ ရခိုင် ဗုဒ္ဓဘာသာများ ဖြစ်ကြသည်။ အဆိုပါ မြို့ပေါ် ဒုက္ခသည်များမှာ လစဉ် ပုံမှန်ထောက်ပံ့ကြေး မရရှိသလို ကျန်းမာရေး၊ ပညာရေး အထောက်အပံ့များကို ပြည့်ပြည့် ၀၀ မရရှိသဖြင့် အထူး ဒုက္ခကျရောက်နေရသည်ဟု ရခိုင်ဒုက္ခသည် တဦးက ပြောသည်။

သို့သော်လည်း သူတို့၏ အရေးကို နိုင်ငံတကာမှ ဘေးဖယ်ပစ်ထားသလို နိုင်ငံတကာရောက် ရခိုင် လူကြီးမင်းများကလည်း သူတို့ အရေးအတွက် ၎င်းတို့နေထိုင်နေသော သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ အစိုးရများကို ချဉ်းကပ် ကြိုးစား ဆောင်ရွက်မူ တစုံတရာ မရှိသဖြင့် အများစု ရခိုင်ဒုက္ခသည်များမှာ မည်သည့် နိုင်ငံတွင်မှ ခိုလုံခွင့် မရရှိဘဲ လူဦးရေ အလွန်ထူထပ်သော ဘင်္ဂလာဒေခ်ျ့ နိုင်ငံတွင် ဒုက္ခမျိုးစုံနှင့် ရင်ဆိုင် နေကြရသည်ဟု သိရသည်။
နိရဉ္စရာ

No comments:

Post a Comment