Monday, October 26, 2009

ပါတီညီလာခံခေါ်ယူရန် အချိန်မတန်သေးဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်

ပါတီညီလာခံခေါ်ယူရန် အချိန်မတန်သေးဟု
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်
မင်းနိုင်သူ / ၂၃ အောက်တိုဘာ ၂၀၀၉

ပါတီညီလာခံခေါ်ယူရေးနှင့်စပ်လျဉ်း၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ စည်းဝေးတိုင်ပင်ခဲ့ကြပြီးနောက် လတ်တလောအားဖြင့် ညီလာခံခေါ်ယူရေး မဖြစ်နိုင်သေးကြောင်း ယမန်နေ့က သဘောထားထုတ်ပြန်လိုက်သည်ဟု ပြန်ကြားရေးအဖွဲ့မှ ဦးအုံးကြိုင်က ပြောသည်။

ပြီးခဲ့သည့် လပိုင်းများအတွင်း မြို့နယ်အဖွဲ့ခွဲများက ပါတီညီလာခံခေါ်ယူရေးနှင့် ပါတီဗဟို ဦးစီးကော်မတီ ပြန်လည်ဖွဲ့စည်းရေး တောင်းဆိုထားမှုအပေါ် ဗဟိုက ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

“ကြေညာချက်မှာ ဖော်ပြထားတာက အောက်ခြေက တောင်းထားတဲ့ နိုင်ငံလုံးကျွတ်ညီလာခံမျိုးကို ကျင်းပဖို့ ၁၉၈၉ ခုနှစ်ကစပြီး စဉ်းစားမှုတွေရှိပါတယ်။ ဒါပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် မလုပ်နိုင်ခဲ့ဘူး။ နောက်ပြီး အခုချိန်မှာ လုပ်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးတင်ဦးတို့ မတက်ရောက်နိုင်ဘူး။ ဦးတင်ဦးတို့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ စုံညီတွေ့ဆုံပြီးရင် ညှိနှိုင်းတိုင်ပင်ပြီး လုပ်ဆောင်သင့်ရင် လုပ်မယ်။ အဲလိုမှမဟုတ်ရင်လည်း ပါတီမှတ်ပုံတင်ဥပဒေ ထွက်လာတဲ့အခါ လိုအပ်သလို ညှိနှိုင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်” ဟု ဦးအုံးကြိုင်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီညီလာခံခေါ်ယူရေးကိစ္စတွင် မြို့နယ်အဖွဲ့ခွဲများနှင့် ဗဟိုအလုပ်အမှုဆောင်တို့အကြား အဓိပ္ပာယ်ကောက်ယူပုံ မတူကြောင်း ပဲခူးတိုင်းမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်လှက ပြောသည်။

“စီအီးစီက ရပ်ကျေးအဆင့်ကနေ ရွေးကောက်ပွဲတွေလုပ်ပြီး ကျင်းပပေးရမယ့် ညီလာခံမျိုးကို ဆိုလိုနေဟန်တူတယ်။ မြို့နယ်တွေဘက်က လိုလားတာက အဲလိုအောက်ခြေအဆင့်ကနေ အဆင့်ဆင့်လုပ်လာရမယ့် ညီလာခံမျိုးမဟုတ်ဘူး။ အဓိကက အောက်ခြေအဖွဲ့ဝင်တွေက ဗဟိုအဖွဲ့ကို ၀ိုင်းရံပြီးတော့ ဖြစ်နေတာတွေကို ကူညီစဉ်းစားပေးချင်ကြတာ။ အခု မြို့နယ်ပါတီရုံးခွဲတွေ ဖွင့်ခွင့်မရတဲ့ ကိစ္စတွေလည်း ရှိနေတယ်။ ဒါတွေကို ဘယ်လိုလုပ်ကြမလဲ။ ၀ိုင်းစဉ်းစားချင်ကြတယ်။ မစဉ်းစားဘဲ၊ မလုပ်ဘဲနဲ့ တောင်းနေရုံနဲ့ ရနိုင်ပါ့မလား” ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးတို့နှင့် စီအီးစီ တွေ့ဆုံရေးမှာလည်း အစိုးရအပေါ်တွင် တည်မှီနေသဖြင့် အချိန်ကာလတခု ကန့်သတ်၍ မျှော်မှန်းမရနိုင်ဟုလည်း ဦးမြတ်လှက ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘူး။ ဦးတင်ဦးကို မလွှတ်ပေးဘူးဆိုရင် အဖွဲ့ချုပ်က လုပ်လို့မရတော့ဘူးလား။ အခုဟာက နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့လူတွေကို ပြန်လွတ်လာနိုင်အောင် ပါတီက ဘယ်လိုဆောင်ရွက်နိုင်မလဲ မစဉ်းစားဘဲနဲ့ အကျယ်ချုပ် ကျနေတဲ့လူတွေကို ပါတီအရေး ဖြေရှင်းဖို့ နားပူနားဆာ လုပ်နေရတာမျိုးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့က စက်တင်ဘာလကုန်ပိုင်းအတွင်းက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး နအဖအစိုးရထံ တောင်းဆိုထားသော်လည်း ယခုအချိန်ထိ မတွေ့ရသေးပေ။

ဒီပဲယင်းအရေးအခင်းအပြီး ၂၀၀၃ ခုနှစ်မှစ၍ နေအိမ်အကျယ်ချုပ်ကျခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်ကို အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် (၆) နှစ်တာ ကာလအတွင်းတွင် (၄) ကြိမ်သာ တွေ့ခွင့်ရပြီး အချိန်အားဖြင့် (၇) နာရီ ကျော်မျှသာ တွေ့ဆုံဆွေးနွေးခွင့်ရခဲ့သည်။

ပြည်တွင်း စာနယ်ဇင်းဆရာတဦးက “ကျနော်တို့လည်း ဒီကိစ္စကို စိတ်ဝင်စားနေကြတာပါ။ မနေ့ကတော့ ပယ်လိုက်တယ်လို့ ကြားတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ပြီးမှ ဒါမှမဟုတ်ရင်လည်း မှတ်ပုံတင်ဥပဒေထွက်မှ ဒီကိစ္စကို ထပ်စဉ်းစားမယ်ဆိုတဲ့ သဘောပြောသွားတာ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ဆိုတာလည်း အစိုးရက ပေးဦးမှ။ မှတ်ပုံတင် ဥပဒေဆိုတာလည်း ရွေးကောက်ပွဲနားကပ်ပြီးမှ ထွက်ချင်ထွက်မှာ။ အန်အယ်လ်ဒီက မှတ်ပုံတင်ဥပဒေထွက်မှ ဒီလိုစဉ်းစားမယ်ဆိုတာကို ထုတ်ပြောထားတော့ အစိုးရအတွက်တော့ သတင်းအချက်အလက်တခု ကြိုရသွားပြန်တာပေါ့။ အဲတော့ အစိုးရက သူတို့အတွက် စိတ်ချရပြီလို့ ယူဆတဲ့အချိန်ကျမှ၊ အတိုက်အခံတွေ ဘာမှမလုပ်နိုင်လောက်တော့တဲ့ အချိန်ကျမှ ဒီဥပဒေတွေကို ထုတ်တော့မှာပေါ့” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ပါတီသက်တမ်း အနှစ် (၂၀) ကျော်အတွင်း ၁၉၉၇ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ အောက်ခြေပါတီအဖွဲ့ဝင်များ ပါဝင်သော အစည်းအဝေးကြီးတခုနှင့် ယခုနှစ် ဧပြီလအတွင်းကျင်းပခဲ့သော တိုင်းနှင့်ပြည်နယ် စုံညီအစည်းအဝေးကြီးတခု၊ စုစုပေါင်းအစည်းအဝေးကြီး (၂) ခုကိုသာ ကျင်းပနိုင်ခဲ့သည်။

ပါတီရုံးခွဲများကိုလည်း ၂၀၀၃ ခုနှစ် မေလနှောင်းပိုင်းမှစ၍ အပိတ်ခံထားရရာ ယခုအချိန်တွင် ရွှေဂုံတိုင်ရှိ ဗဟိုရုံးချုပ်တခုသာ ဖွင့်လှစ်ထားနိုင်သည်။

No comments:

Post a Comment