ဖိုးသူတော်ပြောသော ပုံပြင် ( ၆ )
ဒီတစ်ခါ ဖိုးသူတော်ကြီး ပြောပြတာကတော့ “ချမ်း”
လို့ခေါ်တဲ့နတ်ကလေးတစ်ကောင်အကြောင်းပါ။
နတ်ဖြစ်လျက်သားနဲ့ “နတ်တစ်ပါး” လို့မသုံးနှုန်းဘဲ
“နတ်တစ်ကောင်” လို့ ဘာကြောင့် ပြောရတာလဲ
ဆိုတာမေးစရာရှိပါတယ်။ အဲဒီ “ချမ်း” ဆိုတဲ့နတ်ကသည့်ပြင်နတ်တွေလို ပေမီဒေါက်မီ
မဟုတ်ဘူး။
နောက်ထပ်ပြောစရာတစ်ခုရှိတာက အဲဒီ “ချမ်း” လို့ခေါ်တဲ့
နတ်ကလေးက လူရှုပ်၊ လူနောက်ကလေး။
အဲလေ......နတ်ရှုပ် နတ်နောက်ကလေး ဆိုပါတော့။ သူများကို ပြောင်တတ်တယ်၊
ချောက်တွန်းတတ်တယ်။ ပြီးရင်
သူ့ဘာသာသူ ပျော်ရွှင်နေတာ။
ဗြိတိသျှ အင်ဆိုက်ကလို ပီးဒီးယား စာအုပ်ထဲမှာတော့ “ချမ်း”
ဆိုတာ မိစ္ဆာကောင် အသေးစားတစ်
ကောင်ရဲ့ နာမည်လို့ ဖော်ပြထားတာ ဖတ်ဖူးတယ်။ ဒါပေမယ့်........ဟောဒီ
ဖိုးသူတော်ကြီးရဲ့ပုံပြင်ထဲမှာတော့သူဟာ
မိစ္ဆာကောင်လေး မဟုတ်ပါဘူး။ လူတွေကိုလည်း ဒုက္ခမပေးတတ်ပါဘူး။
အင်မတန် ကူညီချင်တတ်တဲ့၊ စိတ်ကောင်းရှိတဲ့ နတ်ကလေးပါ။
တစ်နေ့တော့ “ချမ်း” ဟာဒုက္ခရောက်နေတဲ့ လူတွေကို
ကူညီဖို့ခရီးထွက်လာခဲ့သတဲ့။
လမ်းမှာ ရွှံနွံအိုင်ထဲ နစ်နေတဲ့
လှည်းတစ်စီးကိုတွေ့လိုက်ရတော့ “ချမ်း” ဟာကိုယ်ယောင်ဖျောက်ပြီး
အနားကပ်ကြည့်လိုက်တယ်။
လှည်းသမားက သနားစရာပါ။ အသက်အရွယ်ကလည်း ကြီးလှပြီ။
လှည်းကလည်း အိုလှပြီ။ နွားနှစ်
ကောင်ကလည်း ပိန်ချုံး ချည့်နဲ့လို့။ အရိုးပေါ်အရေတင် ဖြစ်နေတာကိုး။ ရွှံနွံထဲမှာ
လှည်းဘီးက ပုံတောင်းထိအောင်နစ်
နေတယ်။
လှည်းသမား အဘိုးအိုကြီးကတော့ သစ်ပင်ရိပ်အောက်မှာ
စိတ်ပျက်လက်ပျက် ထိုင်နေလေရဲ့။ သူ့ရဲ့ ပြာမွဲမွဲမျက်ဝန်းတွေထဲမှာတော့ အရာရာကို
လက်လျှော့အရှုံးပေးထားတဲ့ အရိပ်တွေဟာ င်္သချိုင်းတစ်ခုလိုတိတ်တိတ်
ဆိတ်ဆိတ်နဲ့ ခြောက်လှန့်နေပေတယ်။
နွားနှစ်ကောင်ကတော့ သနားစရာကောင်းပါတယ်။
ဘယ်လိုမှရုန်းနိုင်တဲ့ ခွန်အားမရှိတော့တာ မြင်ရုံနဲ့ သိသာနေတာကိုး။
နွားတွေကရုန်းဖို့လည်း မကြိုးစားပါဘူးလေ။ သည်လိုပဲ လှုပ်တုပ်လှုပ်တုပ်နဲ့။
လှည်းကရွေ့ကိုမရွေ့
ဘူး။
နတ်ကလေး “ချမ်း” ဟာအဲဒီမြင်ကွင်းကို ကြည့်ပြီး
သိပ်သနားသွားတယ်။ စိတ်ပျက်လက်ပျက် ထိုင်နေ
တဲ့ လှည်းသမား အဘိုးအိုကိုအရမ်းကူညီချင်လာတာပေါ့။
ဒါနဲ့ပဲ နတ်ကလေး “ချမ်း” ဟာသူ့ကိုယ်သူ
နွားဆိုးကြီးတစ်ကောင်ယောင် ဖန်ဆင်းလိုက်တယ်။
တကယ့် အားကောင်း မောင်းသန်နွားထွားထွား ကျိုင်းကျိုင်းကြီးပေါ့လေ။
ပြီးတော့....လှည်းသမားကြီးရဲ့ အနားတရစ်ဝဲ၀ဲ သွားပြီး
ဟိုအရွက် စားသလို၊ သည်မြက်စားသလိုနဲ့
ကိုယ်ဟန်ပြလိုက်တယ်။ လှည်းသမားကြီးက “ချမ်း” ကိုလည်း မြင်ရော ၀မ်းသာသွားပြီး
အနားချော့ခေါ်တယ်။
“ချမ်း” ကလည်း လိုလိုချင်ချင်ပဲ လှည်းသမားကြီးရဲ့
နဖားကြိုးအထိုးခံလိုက်တာပါပဲ။ ဒါနဲ့ လှည်းသမား
ကြီးဟာ သူရဲ့ လှည်းက နွားတစ်ကောင်ကို ဖြုတ်ပြီး “ချမ်း” ကို သူ့လှည်းမှာ
တပ်လိုက်ရော။
ပြီးတာနဲ့.......လှည်းပေါ်တက်လိုက်ပြီး
“ဟဲ့ နွား၊ ဟဲ့နွား”
ကြိမ်းမောင်းပြီး နွံထဲက လွတ်အောင် ရုန်းခိုင်းတယ်။
“ချမ်း” လည်း အားရှိသလောက်ရုန်းတာပါပဲ။ ဒါပေမယ့်
အားကနည်းနည်းလိုနေတယ်။ ဘီးကလွတ်ကို မလွတ်ဘူး။ တစ်ဖက်က နွားကနည်းနည်းပါးပါး
ခွန်အားရှိရင်လည်း အကောင်းသား။ အခုတော့ တကယ့်နွားပိန်နွား
ခြောက်၊ “ချမ်း” ရုန်းမှသာ ဘေးက နွားက နည်းနည်းပါးပါးလှုပ်တာ။
“ချမ်း” ကတော့ရုန်းလိုက်ရတာ ချွေးဒီးဒီးကျနေပြီ။
လှည်းသမားကြီးကတော့
“ဟဲ့ နွား၊ ဟဲ့နွား” နဲ့ ကြိမ်းပြီး “ချမ်း”
ကိုကြိမ်လုံးနဲ့ အားရပါးရရိုက်တော့တာပဲ။ “ချမ်း” ကလည်း အားရှိ
သရွေ့ ရုန်းတာပါပဲ။
“ချမ်း” ကအားကြိုးမာန်တက်ရုန်းလေ လှည်းသမားကြီးက “ချမ်း”
ကို ကြိမ်လုံးနဲ့ တရွှမ်းရွှမ်းရိုက်ပြီး
“ဟဲ့ နွား၊ ဟဲ့နွား၊ ရုန်းလိုက်စမ်း” လို့မောင်းလေလေပဲ။
“ချမ်း” ခမျာတော့ ကြိမ်ဒဏ်ကြောင့် ကျောကို ကော့နေတာပဲ။ သူက
ဘေးမှာယှဉ်တွဲပြီး ရုန်းနေတဲ့ နွား
ပိန်ကလေးကို ကြည့်လိုက်တယ်။
“ဟင်း.....ဒင်းကျတော့ သက်သာလိုက်တာ။ သိပ်လည်း မရုန်းဘူး။
တစ်ချက်မှလည်း အရိုက်မခံရဘူး”
“ချမ်း” ရဲ့ကျောပေါ်ကိုတော့ ကြိမ်လုံးက တရွှမ်းရွှမ်း
ကျနေဆဲပဲ။
“ဟဲ့ နွား၊ ရုန်းလိုက်စမ်း၊ ရုန်းလိုက်စမ်းဟ” လို့
အတင်းရိုက်နှက်မောင်းနှင်ခံနေရဆဲပဲ။
ကြာတော့..... “ချမ်း” စိတ်တိုလာတယ်။
လှည်းသမားကြီးကိုပြန်မော့ ကြည့်လိုက်ပြီး.....
“ခင်ဗျားက အတော်မတရားတဲ့ လူပဲဗျာ။ ကျုပ်က
ကြိုးစားပမ်းစားနဲ့ ဆွဲပေးနေတာ ခင်ဗျား အမြင်ပဲ။ အားစိုက်နေရတဲ့
ကျုပ်ကိုချည်းပဲရိုက်နေတယ်။ ဟိုဘက်ကကောင်ကိုတော့ မရိုက်ဘူး”
“ချမ်း” ရဲ့စကားကို ကြားတော့ လှည်းသမားကြီးက ဟိုဘက်က
ပိန်ချည့်ချည့်နွားကိုတစ်ချက်လှည့်
ကြည့်ပြီး ခေါင်းခါလိုက်တယ်။ ပြီးတော့.....
“ဟိုဘက်က ကောင်က အားမရှိဘူးကွ။ အဲဒီတော့ ရိုက်ရင်လည်း
သေသာသွားမယ်.......သူကတော့
လှည်းကိုရွှံ့ထဲက လွတ်အောင်ဆွဲနိုင်မှာမဟုတ်ဘူး။ မင်းကတော့ အားရှိတယ်။ မင်းဆွဲမှ
လှည်းက ရွှံ့ထဲက လွတ်မှာ။
အဲဒီတော့ မင်းကိုပဲ များများရိုက်ပြီး အတင်းရုန်းခိုင်းရမှာပဲ။
ငါ့ကိုအပြစ်မတင်ပါနဲ့ကွာ။ ခွန်အားရှိနေတဲ့မင်းကိုယ်မင်းပဲ
အပြစ်တင်ပါတော့” လို့ပြောပြီး “ချမ်း” ကို ကြိမ်လုံးနဲ့ တရွှမ်းရွှမ်း
ရိုက်တော့တာပဲ။
အဲဒီမှာတင် “ချမ်း” က.....
“သြော်....လောကရဲ့ သဘောကိုက အလုပ်များများ လုပ်နိုင်လေလေ
များများအရိုက်ခံရလေလေပါ
လား” လို့ရေရွတ်ပြီး ကိုယ်ယောင်ဖျောက် လစ်ပြေးရောတဲ့။
ပုံပြင်က....ဒါပါပဲ။
အလုပ်လုပ်ခြင်း နှင့်
ခံနိုင်ရည်ရှိခြင်း
(၁)
ကျွန်တော် ငယ်ငယ်တုန်းက သစ်ပင်တွေ တဖြည်းဖြည်း
ရှည်လျားလာတာကို ကြည့်ပြီး တအံ့
တသြဖြစ်ဖူးတယ်။
“ဒီ သစ်ပင်တွေဟာ ငါမမြင်လိုက်ရပဲ ဘယ်အချိန်ကများ
ရှည်သွားတာပါလိမ့်”
တစ်နေ့လုံး သစ်ပင်တစ်ပင်ရဲ့ ရှေ့တည့်တည့်မှာ
ထိုင်ပြီး မျက်တောင်မခတ်ပဲငေးကြည့်နေခဲ့ဖူး
တယ်။ သစ်ပင်ရဲ့ အမြင့်ထိပ်ဖျားကရှည်ထွက်လာတာကို မြင်ချင်လို့။
ဒါပေမယ့် မြင်ခွင့်မရခဲ့ပါဘူး။
နောက်.....အသက်ကြီးလာမှ သိရတယ်။
သစ်ပင်တွေဟာ ညဘက်ကျမှ ရှည်ထွက်တာ....တဲ့။
သြစတြေးလျကဒေါက်တာ ဟွန်ဇာ
လက်(စ်)ဆိုတဲ့ ပုဂ္ဂိုလ်တစ်ယောက်က သုတေသန ပြုထားတာပါ။
သစ်ပင်တွေဟာ ည (၉) နာရီကနေ မနက် (၆)
နာရီအတွင်းမှာပဲ ရှည်လျား ဆန့်ထွက်ကြ
တယ်....တဲ့။ အတိအကျ ပြောရရင် ညဦးပိုင်း အချိန်မှာ၁၀% ကြီးထွားကြပြီး၊ ကျန်တဲ့
၉၀% ကတော့ ညဥ့်နက်ပိုင်း
မှောင်နေတဲ့အချိန်ကျမှ ရှည်လျား ဆန့်ထွက်လာကြတာလို့ ဆိုပါတယ်။
သစ်ပင်တွေဟာ လူမြင်သူမြင် အလင်းရောင်ရတဲ့
နေ့အချိန်မွန်းတည့်ကနေ ညနေ (၆) နာရီ
အတွင်းမှာတော့ ရပ်တန့် အနားယူကြပါသတဲ့။ ( သစ်ပင်တွေမှာလည်း အလုပ်လုပ်ချိန်နဲ့
အနားယူချိန်ဆိုပြီးခွဲခြားထား
တာကိုး....လို့ ကျွန်တော် တွေးလိုက်မိတယ် )
အဲဒီ အတွေးလေးကို ကျွန်တော်က ချစ်သူကို
ပြောပြမိပါတယ်။ နောက်ပြီး ကျွန်တော်က မေး
လိုက်တယ်။
“သစ်ပင်တွေဟာ ဘာဖြစ်လို့ လူတွေအိပ်တဲ့ အချိန်ကျမှ
အလုပ်လုပ်ကြလဲ မသိဘူးနော်”
ကျွန်တော့် မေးခွန်းကြောင့် သူမက ရယ်မောတယ်။
ပြီးတော့....နောက်သလို ပြောင်သလိုနဲ့
ပြန်ဖြေပါတယ်။
“သူတို့ အလုပ်လုပ်နေတာကို လူတွေမြင်ရင်
တစ်နည်းနည်းနဲ့ကြံဖန်ပြီး ကဲ့ရဲ့ပြစ်တင်မှာစိုးလို့
ဖြစ်မှာပေါ့”
သူမရဲ့ အဖြေကြောင့် ကျွန်တော်ခေါင်းကို
စိတ်ပျက်လက်ပျက်ခါယမ်းမိတယ်။ ပြီးတော့......
ဘာကြောင့်မှန်း မသိဘူး။ ကျွန်တော် ခေါင်းညိတ်ဖြစ်သွားတယ်။
ဟုတ်တယ်.....။
ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းထဲမှာ
“အလုပ်လုပ်တဲ့သူ” ဟာ (တစ်နည်းမဟုတ်တစ်နည်းနဲ့) ကဲ့ရဲ့ ဝေဖန်ခံရတာကိုပဲ အမြဲ
တွေ့ရတယ်။ ဘယ်တော့မှ အပြစ်လွတ်တယ်လို့ မရှိဘူး။
လူတွေအားလုံးက အဲဒီ (အလုပ်လုပ်နေတဲ့) လူကို
တစ်ခုခုဝေဖန်ဖို့ အမြဲစောင့်ကြည့်နေကြသ
လိုပဲ မဟုတ်ဘူးလား.....။
တစ်ခုခုမှားယွင်းသွားလို့ကတော့ ရစရာမရှိအောင်
အပြောခံရပြီသာမှတ်ပေတော့ပဲ။ (တစ်ခုခု
ကောင်းသွားရင်လည်း အကဲ့ရဲ့ကတော့ မလွတ်ပါဘူး)
“အလုပ်လုပ် တဲ့သူ” အတွက် ဆုလာဘ်ဟာ ဒါမျိုးလား ?
(၂)
ကျွန်တော်ရဲ့ ဘကြီးက ပုံပြင်လေးတစ်ပုဒ်
ပြောပြခဲ့ဖူးပါတယ်။
ရွှံနွံ့ထဲမှာ လှည်းတစ်စီး နစ်နေတယ်....တဲ့။
လှည်းက နွားနှစ်ကောင်ဆွဲတဲ့ လှည်းပါ။
နွားတစ်ကောင်က ပိန်ချည့်ချည့်နဲ့။ တခြား
နွားတစ်ကောင်ကတော့အားကောင်းမောင်းသန်။
၀၀ဖြိုးဖြိုး နွားကချည်း ရုန်းနေရတယ်။
လှည်းသမားကလည်း အဲဒီ ၀၀ဖြိုးဖြိုး နွားကိုချည်းပဲ
ကြိမ်လုံးနဲ့ဖိဖိရိုက်ပြီး “ဟဲ့ နွား၊ ဟဲ့ နွား”
နဲ့ အတင်းမောင်းနေလေရဲ့။
ဘေးက ဖြတ်သွားတဲ့ လူတစ်ယောက်က မြင်တော့......
“ဗျို့....လှည်းသမားကြီး။ ခင်ဗျား တော်တော်
မတရားတဲ့လူပဲ ဗျာ”
“ဗျာ....ဘာဖြစ်လို့လဲ”
“နွားနှစ်ကောင်ရှိတာ......နှစ်ကောင်လုံးကို
မျှမျှတတ ရိုက်မှပေါ့ဗျာ။ အခုတော့ တစ်ကောင်
တည်းကိုချည်း အတင်းဖိရိုက်နေတယ်။ နောက်ပြီး.....ခင်ဗျားရိုက်နေတဲ့နွားက တကယ်
အားစိုက်ပြီးရုန်းနေတဲ့နွား။
ဟိုဘက်ကနွားပိန်က အသာမှေးပြီးလိုက်နေတာ။ ခင်ဗျား တကယ်တမ်းရိုက်ချင်းရိုက်ရင်
အဲဒီ အချောင်ခိုနေတဲ့ နွားပိန်
ကိုရိုက်သင့်တာဗျ”
သူ့စကားကိုကြားရတော့ လှည်းသမားကြီးက
ခေါင်းကိုခါယမ်းလိုက်ပြီးပြန်ဖြေတယ်။
“အဲဒီ နွားပိန်က ဒီလှည်းကိုဆွဲဖို့ အားမရှိဘူးဗျ။
သူ့ကိုရိုက်နေရင်.....ရိုက်ရင်းသေရင်သာသွား
မယ်။ ဒီလှည်းကတော့ ရွှံ့ထဲကလွတ်မှာ မဟုတ်ဘူး။
ဟောဒီဘက်က နွားကတော့ တကယ်အားရှိတာ။
သူကမှဒီလှည်းကို ရွှံ့ထဲက ဆွဲတင်နိုင်မှာ။
အဲဒါကြောင့် သူ့ကိုချည်းပဲနာနာဖိရိုက်ရတာပေါ့”
အဲဒီပုံပြင်လေးကို
နားထောင်ပြီးပြီးချင်းမှာလည်း......
“အလုပ်လုပ်တဲ့သူ” အတွက် ဆုလာဘ်ဟာ ဒါမျိုးလား?
ဆိုတဲ့အတွေးကိုတွေးမိခဲ့ပါသေးတယ်။
No comments:
Post a Comment